ဖားကန့် ဇန်နဝါရီ ၃
ကချင်ပြည်နယ်၊ ဖားကန့်မြို့နှင့်ကာမိုင်းမြို့သွား ကားလမ်းပေါ်ရှိ ကပ်မှော်ဇွပ်ကျေးရွာအုပ်စု၊ နမ့်တိန်းကျေးရွာနှင့် ပျားအုံကျေးရွာကြား တံတားညီနောင်အတက် မြေသားလမ်း၌ ယနေ့နံနက် (၉)နာရီခန့်က (၁၀)ဘီးကားတစ်စီးလမ်းချော်ပြီး ရေမြောင်းထဲကျသွားသဖြင့် ဖားကန့်မြို့နှင့် အတက်အဆင်းပြေးဆွဲနေသောကားများ လမ်းပိတ်ဆို့မှု ကြုံတွေ့ခဲ့ရကြောင်း သိရသည်။
ဖြစ်စဉ်မှာ ဇန်နဝါရီ(၂)ရက်နေ့ ညပိုင်းမှစတင်ကာ ဖားကန့်မြို့နယ်အတွင်း မိုးရွာသွန်းနေမှုကြောင့် ဖားကန့်မြို့နှင့် ကာမိုင်းမြို့ကြားရှိ ကတ္တရာလမ်းမခင်းနိုင်သေးသည့် မြေသားလမ်းများ ချောနေခဲ့ပြီး ယခုကဲ့သို့ ယာဉ်တစ်စီး လမ်းချော်ပြီး လမ်းပိတ်ခဲ့ရခြင်းဖြစ်သည်။
ကာမိုင်းမြို့ အုပ်ချုပ်ရေးမှူး ဦးသန်းထိုက်က “လမ်းက မြေသားလမ်းဆိုတော့ မိုးရွာရင် လမ်းဆိုး ပါတယ်၊ ပွိင့်သိပ်မကောင်းတဲ့ (၁၀)ဘီးကားတစ်စီးက စလစ်ဖြစ်ပြီး လမ်းပိတ်သွားတာပါ၊ အမြန်ဆုံး လမ်းပြန်ပွင့်အောင် ကျွန်တော်တို့ ဆောင်ရွက်နေပါတယ်” ဟုပြောသည်။
ဖားကန့်မြို့နယ် မော်တော်ယာဉ်များကြီးကြပ်မှုကော်မတီ ဥက္ကဋ္ဌ ဦးအောင်သူက “တံတား ညီနောင်အတက်က လမ်းလည်းကျဉ်းတယ်ဗျ၊ အတက်အဆင်းကားကလည်းများတော့ ဟိုဘက်ဒီဘက် ကားတွေကတိုးရင်းနဲ့ ညှပ်ပိတ်ကုန်တာလည်းပါပါတယ်၊ နယ်မြေခံတပ်မတော်သားတွေက လမ်းရှင်းပေးနေတယ်လို့ သိရပါတယ်” ဟုပြောကြားသည်။
ဖားကန့်မြို့၏ အဓိကကုန်စည်စီးဆင်းရာ ဖားကန့်မြို့နှင့်အခြားမြို့များသို့ ချိတ်ဆက်ထားသော အဆိုပါလမ်းသည် မိုးတွင်းကာလ၌လည်း မကြာခဏ လမ်းပိတ်ဆို့မှု ဖြစ်ပွားတတ်ကြောင်း သိရသည်။
ဖားကန့်မြို့နှင့် အခြားမြို့များကို ချိတ်ဆက်ထားသော မော်တော်ကားလမ်းများအဖြစ် ဖားကန့်-ကာမိုင်းလမ်းနှင့် ဖားကန့်-မိုးညှင်းလမ်း(ဝှေခါလမ်း) တို့ရှိသည်။
လမ်းပိတ်ဆို့မှုဖြစ်ပွားခဲ့သော ဖားကန့်-ကာမိုင်းလမ်းသည် နယ်မြေခံတပ်မတော်သားများ၊ ရပ်ကွက်/ကျေးရွာအုပ်ချုပ်ရေးအဖွဲ့များ၊ မြို့နယ်ယာဉ်ကြီးကြပ်မှုကော်မတီအဖွဲ့များနှင့် လမ်းဦးစီးဌာနတို့၏ ဖြေရှင်းဆောင်ရွက်မှုကြောင့် ယနေ့ညနေ(၃)နာရီကျော်ခန့်တွင် လမ်းပြန်ပွင့်သွား ပြီဖြစ်ကြောင်း သိရသည်။
တာလင်းမောင်(ပြန်/ဆက်)