ချီဖွေ အောက်တိုဘာ ၁၃
ကချင်ပြည်နယ်၊ မြစ်ကြီးနားခရိုင်၊ ချီဖွေမြို့နယ်တွင် ၂၀၂၀ပြည့်နှစ်၊ ပါတီစုံဒီမိုကရေစီ အထွေထွေ ရွေးကောက်ပွဲတွင် မဲဆန္ဒရှင်ပြည်သူများ လုံခြုံစိတ်ချစွာ မဲပေးနိုင်ရေးနှင့် မဲရုံလုံခြုံရေးအတွက် တာဝန်ထမ်းဆောင်ကြမည့် အထူးရဲ သင်တန်းသားများအား ကိုဗစ်-၁၉ ရောပိုးရှိ/မရှိကို Covid-19 Antigen Test Kit ဖြင့် မြို့မရဲစခန်း၌ ယမန်နေ့ နံနက်(၈)နာရီခွဲက စစ်ဆေးခဲ့သည်။
ထိုသို့ဆောင်ရွက်ရာတွင် မြို့နယ်ကျန်းမာရေးနှင့် ကုသရေးဦးစီးဌာန၊ မြို့နယ်ဆရာဝန်ကြီး ဒေါတ်တာလင်းလင်းထွန်း၊ အထက်တန်းသူနာပြု ဒေါ်သီတာထွန်းနှင့် ဓာတ်ခွဲ ကျွမ်းကျင် ဒေါ်စုစုမာတို့က အထူးရဲသင်တန်းသားများအား နှာခေါင်းတို့ပတ် နမူနာရယူပြီး တစ်ဦးချင်း Test Kit ဖြင့် ကိုဗစ်-၁၉ ရောဂါပိုး ရှိ/မရှိ စစ်ဆေးခဲ့ရာ အဆိုပါ သင်တန်းသား (၄၇)ဦးတွင် ရောဂါပိုးမတွေ့ရှိ (Negative) ဖြစ်ကြောင်း သိရသည်။
တဆက်တည်း ကိုဗစ်-၁၉ ရောဂါဖြစ်ပွားရာ ဖားကန့်မြို့နယ်မှ ဝင်ရောက်လာသော မဲရုံမှူးနှင့် ဒု-မဲရုံမှူး တာဝန်ထမ်းဆောင်မည့် ဆရာ/ဆရာမ(၁၉)ဦး၏ Swab နမူနာကို အောက်တိုဘာလ (၅)ရက်နေ့တွင် ရယူကာ အောက်တိုဘာလ(၆)ရက်နေ့တွင် ရန်ကုန်မြို့ရှိ အမျိုးသားကျန်းမာရေးဓာတ်ခွဲမှုဆိုင်ရာဌာန (National Health Laboratory-NHL) သို့ ပို့ဆောင်စစ်ဆေးရာတွင် အောက်တိုဘာလ(၁၂)ရက်နေ့ရရှိ အဖြေမှာ ရောဂါပိုးမတွေ့ရှိ (Negative) ဖြစ်ကြောင်း မြို့နယ်ဆရာ ဝန်ကြီး၏ ပြောကြားချက်အရ သိရသည်။
နန်းမြင့်(ပြန်/ဆက်)