မြစ်ကြီးနား မတ် ၁၉
ကိုရိုနာဗိုင်းရပ်စ် ရောဂါကာကွယ်ထိန်းချုပ်ရေး ညွှန်ကြားချက်များအတိုင်း လိုက်နာဆောင်ရွက်ရေးနှင့် ပြည်သူများအား အသိပေးပူးပေါင်းပါဝင်ဆောင်ရွက်လာစေရေးတို့အတွက် ကချင်ပြည်နယ်အစိုးရ အဖွဲ့ဝင် လူမှုရေး ဝန်ကြီးဌာနအောက်ရှိ ဌာနဆိုင်ရာများနှင့် ညှိနှိုင်းဆွေးနွေးပွဲကို ယမန်နေ့မွန်းလွဲ ၂ နာရီတွင် အစိုးရ အဖွဲ့ရုံး အစည်းအဝေးခန်းမ ၂ ၌ ကျင်းပပြုလုပ်သည်။
ညှိနှိုင်းအစည်းအဝေးတွင် ပြည်နယ်လူမှုရေးဝန်ကြီး ဦးနေဝင်းက ကိုရိုနာဗိုင်းရပ်စ် ရောဂါပိုးနှင့် ပတ်သက်၍ နိုင်ငံတော်သမ္မတရုံး၏ ညွှန်ကြားချက်များအတိုင်း လူစုလူဝေးဖြစ်စေသော ပွဲလမ်းသဘင်များ၊ သင်တန်းများ ကျင်းပပြုလုပ်ခြင်း မရှိစေရေးတို့ကို မိမိဌာနအောက်ရှိ ဝန်ထမ်းများအနေဖြင့် အလေးထားလိုက်နာ ဆောင်ရွက်ကြရေး၊ ယနေ့အချိန်အထိ မိမိတို့နိုင်ငံတွင် ကူးစက်ရောဂါပိုး မတွေ့ရှိရသေးသော်လည်း မိမိတို့ ပြည်နယ်သည် တရုတ်နှင့် နီးစပ်စွာတည်ရှိသဖြင့် ပိုမိုအလေးထားလိုက်နာဆောင်ရွက်ကြရေး၊ မိမိတို့ဌာနဆိုင်ရာ အဖွဲ့အစည်းများသာမက ပြည်သူများအားလုံးက ပူးပေါင်းပါဝင်လာစေရေးအတွက် အသိပညာပေးခြင်း လုပ်ငန်းအပြင် စောင့်ကြည့်ထိန်းချုပ်ရေးလုပ်ငန်းများ၊ ပြည်နယ်အတွင်း သတင်းမှား၊ သတင်းတုများနှင့် ပတ်သက်၍ သတင်းမှန်များအချိန်နှင့် တစ်ပြေးညီထုတ်ပြန်ဆောင်ရွက်ကြရေးတို့ကို တိုက်တွန်းမှာကြားသည်။
ယင်းနောက် ပြည်သူ့ကျန်းမာရေးဦးစီးဌာန၊ ပြည်နယ်ဦးစီးမှူးကကိုရိုနာဗိုင်းရပ်စ် ရောဂါပိုး ကာကွယ်ထိန်းချုပ်ရေး လုပ်ငန်းများနှင့် ပတ်သက်၍ ပြည်နယ်အတွင်း ဆောင်ရွက်နေမှုအခြေအနေများနှင့် ရောဂါပိုးကာကွယ်ရေးအတွက် ကျန်းမာရေးနှင့် အားကစားဝန်ကြီးဌာနမှ ထုတ်ပြန်ကြေညာချက်များကို ရှင်းလင်းတင်ပြပြီး ဝန်ကြီးဌာနအောက်ရှိ ပြည်နယ်အဆင့် ဌာနဆိုင်ရာများ၊ တက္ကသိုလ်၊ ကောလိပ်နှင့် သင်တန်းကျောင်းများမှ တာဝန်ရှိသူများနှင့် သင်တန်းများဖွင့်လှစ်မှုရပ်နားထားသည့် အခြေအနေများနှင့် ရုပ်ရှင်ရုံများ ယာယီပိတ်ထားရှိမှု၊ ဘာသာရေးပွဲများ၊ ဘာသာရေးကျောင်းများရှိ နွေရာသီသင်တန်းများ ပိတ်သိမ်းရေးတို့အပြင် မိဘမဲ့ဂေဟာနှင့် ဘိုးဘွားရိပ်သာများတွင် အသိပညာပေးရေး၊ ပြည်နယ်အတွင်းရှိ တိုက်ပွဲရှောင်စခန်းများတွင် နိုင်ငံခြားသားနှင့် ဧည့်အဝင်အထွက်များ ထိန်းချုပ်ဆောင်ရွက်ရေး၊ အသိပညာပေးခြင်းနှင့် ကျန်းမာရေး စောင့်ရှောက်မှုပေးရေး လုပ်ငန်းများ၊ သတင်းမှား၊ သတင်းတုများကို တုံပြန် ဆောင်ရွက်ရေးလုပ်ငန်းများနှင့် ပက်သတ်၍ ဌာနဆိုင်ရာများ ပူးပေါင်းဆောင်ရွက်ရေးအတွက် ညှိနှိုင်းဆွေးနွေးဆုံးဖြတ် ခဲ့ကြသည်။
မျိုးမြင့်စိုး(ပြည်နယ်ပြန်/ဆက်)