ပူတာအို အောက်တိုဘာ ၁၃
ကချင်ပြည်နယ် ပူတာအိုမြို့တွင် မြို့နယ်Covid-19 ရောဂါ ကာကွယ်ထိန်းချုပ်ကုသရေး ကော်မတီဝင်များက ယမန်နေ့ညနေ ၅ နာရီခန့်က Facility Quarantine Centre အဖြစ် ဖွင့်လှစ်ထားရှိသည့် လေးထပ် လေးခန်းတွဲ အိုး/အိမ်ဝန်ထမ်းအိမ်ယာသို့ သွားရောက်ကာ စည်ကမ်းချက်နှင့်အညီ နေထိုင်မှုရှိ/မရှိ ကွင်းဆင်းကြပ်မတ်စစ်ဆေးပြီး ကန့်သတ်စောင့်ကြည့်မှု (၁၄)ရက်ခံယူပြီးသူ(၁၅)ဦးကို ပြန်လည်စေလွှတ်ခဲ့ကြောင်းသိသည်။
ထိုသို့ သွားရောက်ကွင်းဆင်းစစ်ဆေးရာတွင် မြို့နယ် ကိုဗစ်-၁၉ ရောဂါ ကာကွယ်ထိန်းချုပ်ကုသရေးကော်မတီနှင့် ကျန်းမာရေးဝန်ထမ်းများ၊ တာဝန်ရှိသူများလိုက်ပါ၍ Quarantine နေထိုင်သူများအနေဖြင့် သတ်မှတ်စည်ကမ်း ချက်များနှင့်အညီ နေထိုင်မှု ရှိ/မရှိစစ်ဆေးခြင်း၊ လိုအပ်ချက်များကို ကြည့်ရှုစစ်ဆေးပြီး တာဝန်ကျဝန်ထမ်းများနှင့် ပေါင်းစပ်ညှိနှိုင်းမှုများ ဆောင်ရွက်ပေးခဲ့ကာ ပူတာအိုခရိုင် ကိုဗစ်-၁၉ ရောဂါ ကာကွယ်ထိန်းချုပ်ရေး ကော်မတီအတွင်းရေးမှူး ဒေါက်တာသန့်ဇင်ထွန်းက ကိုဗစ်-၁၉ ရောဂါဆိုင်ရာ ကျန်းမာရေး အသိပညာပေး ဟောပြောခြင်းနှင့် ကျန်းမာရေးနှင့်အားကစားဝန်ကြီးဌာန၏ ကိုဗစ်-၁၉ ရောဂါဆိုင်ရာ လမ်းညွှန်မှာကြားချက်များ၊ အမိန့် ထုတ်ပြန်ချက်များအကြောင်းကို ဆွေးနွေး ပြောကြားသည်။
ထို့နောက် ပူတာအိုမြို့နယ် ရဲတပ်ဖွဲ့ရဲမှူး ကျော်ကျော်အောင်က Quarantine နေထိုင်သူများအနေဖြင့် သတ်မှတ် စည်းကမ်းကို ဖောက်ဖျက်ပါက ဥပဒေအရ အရေးယူသွားမည်ဖြစ်ကြောင်းနှင့် အရေးယူဆောင်ရွက်နိုင်သည့် ဥပဒေပုဒ်မများအကြောင်းကို ကျယ်ကျယ်ပြန့်ပြန့် ရှင်းလင်းဆွေးနွေးပြီး ဒုတိယမြို့နယ် အုပ်ချုပ်ရေးမှူး ဦးစိမ်းလေးက ပူတာအိုမြို့နယ်အတွင်း ကိုဗစ်-၁၉ ရောဂါထိန်းချုပ်ရေးဆောင်ရွက်မှုအခြေအနေနှင့် Facility Quarantine နေထိုင်ပြီးသူများ အနေဖြင့် မိမိတို့နေအိမ်တွင် Home Quarantine အဖြစ် (၇)ရက် ထပ်မံနေထိုင်သွားကြရန် မှာကြားကာ စောက်ကြည့်ကန့်သတ်မှု(၁၄)ရက် ခံယူပြီးမြောက်သူ (၁၅)ဦးအား ပြန်လည်စေလွှတ်ခဲ့သည်။
ပူတာအိုမြို့နယ်အတွင်းသို့ ပြည်ပနှင့် Stay at Home သတ်မှတ်ထားသည့်မြို့နယ်များ၊ ရောဂါဖြစ်ပွားရာ ဒေသမှပြန်လာသူများကို Facility Quarantine Center တွင်(၁၄)ရက် နေထိုင်စေမည်ဖြစ်ကြောင်း၊ လက်ရှိပူတာအိုမြို့နယ်တွင် ပြည်ပမှပြန်လာသူများ၊ ပြည်တွင်းမှ Stay at Home သတ်မှတ်ထားသည့်မြို့နယ်များနှင့် ရောဂါဖြစ်ပွားရာ ဒေသမှပြန်လာသူများ စုစုပေါင်း(၅၃)ဦး Quarantine နေထိုင်လျက်ရှိရာ အောက်တိုဘာလ(၁၂)ရက် ညနေတွင် (၁၅)ဦးကို ပြန်လည်စေလွှတ်ပေးခဲ့ခြင်းဖြစ်ပြီး (၃၈)ဦး ကျန်ရှိကြောင်း သိရသည်။
ဆန်းညွန့်(ပူတာအို)