ပူတာအိုမြို့၌ အပြင်ထွက်သွားလာသူများ Mask တပ်ဆင်ခြင်း ရှိ/မရှိစစ်ဆေးပြီး “အခုဝယ် အခုတပ်” စနစ်ဖြင့် ကြပ်မတ်စစ်ဆေး

ပူတာအို    အောက်တိုဘာ   ၁၃

ကချင်ပြည်နယ် ပူတာအိုမြို့တွင် နေအိမ်ပြင်ပ အပြင်ထွက်သွားလာသူများနှင့် ဈေးရောင်း ဈေးဝယ်သူများ Mask တပ်ဆင်မှုအလေ့အထဖြစ်စေရန်အတွက် ယနေ့နံနက် ၇ နာရီခန့်က မြို့နယ် ကိုဗစ်-၁၉ ရောဂါကာကွယ် ထိန်းချုပ် ကုသရေးကော်မတီ၏ ဦးဆောင်မှုဖြင့် Mask ကို “အခုဝယ် အခုတပ်” စနစ်ဖြင့် ကွင်းဆင်း ဆောင်ရွက်ခဲ့ကြောင်း သိရသည်။

ပူတာအိုမြို့နယ် ကိုဗစ်-၁၉ ရောဂါကာကွယ်ထိန်းချုပ်ကုသရေးကော်မတီနှင့် ကျန်းမာရေး ဝန်ထမ်းများ၊ မြို့နယ်ရဲတပ်ဖွဲ့၊ မီးသတ်တပ်ဖွဲ့တို့ ပူးပေါင်း၍ မြို့မဈေး၊ လေယာဉ်ကွင်း ဈေးနှင့် လမ်းဆုံလမ်းခွများတွင် ကွင်းဆင်းပြီး Mask တပ်ဆင်ခြင်းမရှိသူများကို Mask တစ်ခုလျှင် (၂၀၀)ကျပ်နှုန်းဖြင့် အခုဝယ် အခုတပ်ဆင်စေခြင်း၊ ကျန်းမာရေး အသိပညာပေးခြင်း လုပ်ငန်းများကို ပူးပေါင်းဆောင်ရွက်ခဲ့သည်။

ပူတာအိုမြို့နယ်တွင် ကျန်းမာရေးနှင့်အားကစားဝန်ကြီးဌာန၏ လမ်းညွှန်ချက်နှင့်အညီ ကုန်စိမ်း/ကုန်ခြောက်ရောင်းဝယ်သူများကို နံနက် ၅ နာရီမှ နံနက် ၉ နာရီအထိ၊ ကုန်စုံဆိုင်ခန်းများကို နံနက် ၁၀ နာရီမှညနေ ၃ နာရီအထိ သတ်မှတ်ရောင်းချစေပြီး စားသောက်ဆိုင်များအားလုံးကို ပါဆယ်စနစ်ဖြင့်သာ ရောင်းချကြရန် စည်းကမ်းသတ်မှတ်ထားကာ စည်ပင်သာယာရေး ဝန်ထမ်းများက စည်းကမ်းတကျ ရောင်းချမှုရှိ/မရှိကို နေ့စဉ်စစ်ဆေးကြပ် မတ်ဆောင်ရွက်လျက်ရှိကြောင်း သိရသည်။

ဆန်းညွန့်(ပူတာအို)