ရေဇွာမြို့၌ ကိုဗစ်-၁၉ ရောဂါ ကြိုတင်ကာကွယ်ထိန်းချုပ်နိုင်ရေးအတွက် မြို့ဝင်စစ်ဆေးဂိတ်များ တိုးချဲ့ဖွင့်လှစ်ပြီး အရှိန်အဟုန်မြှင့်ဆောင်ရွက်

ရေဇွာ           အောက်တိုဘာ                ၁၃

ချင်းပြည်နယ်၊ ရေဇွာမြို့တွင် ကိုဗစ်-၁၉ ရောဂါကြိုတင်ကာကွယ်နိုင်ရန်အတွက် ကျန်းမာရေး စစ်ဆေးဂိတ်(၃)ခု ဖွင့်လှစ်ပြီး ခရီးသွားပြည်သူများအား ကိုယ်အပူချိန်တိုင်းတာခြင်းများ၊ ခရီးသွားရာဇဝင်များ မေးမြန်းပြီး မှတ်သားခြင်းများကို အရှိန်အဟုန်မြှင့် ဆောင်ရွက်လျက်ရှိကြောင်း သိရသည်။

လူအဝင်အထွက်များသည့် ဟားခါး-ဂန့်ဂေါ ဂိတ်တစ်ခုသာ ယခင်က ဖွင့်လှစ်ဆောင်ရွက်ခဲ့ရာမှ ယခုမြန်မာနိုင်ငံတွင် ရောဂါပိုးတွေ့ရှိသူ ပိုမိုများပြားလာသောကြောင့် မတူဘက်မှ မြို့ဝင်ဂိတ်နှင့် လိုင်လင်းပီဘက်မှ မြို့ဝင်ဂိတ်များကို တိုးချဲ့ဖွင့်လှစ်ဆောင်ရွက်ခဲ့ခြင်း ဖြစ်သည်။

ရပ်နီး/ရပ်ဝေးမှ ခရီးသွားပြည်သူများအနေဖြင့် မဖြစ်မနေ ခရီးထွက်ခွာမည် ဆိုပါက ကျန်းမာရေးနှင့် အားကစားဝန်ကြီးဌာနမှ ထုတ်ပြန်ထားသော ကျန်းမာရေးညွှန်ကြားချက်များ၊ ဒေသန္တရ အမိန့်များ နှင့်အညီ သက်ဆိုင်ရာ ရပ်ကွက်၊ကျေးရွာအုပ်ချုပ် ရေးမှူးများ၏ ထောက်ခံချက်များနှင့် အမျိုးသားမှတ်ပုံတင်ကတ်ပြားများ ပါရှိမှသာ မြို့တွင်းသို့ ဝင်ခွင့်ပြုမည် ဖြစ်ကြောင်း ရေဇွာမြို့ ကိုဗစ်-၁၉ ရောဂါ ကာကွယ်ထိန်း ချုပ်ကုသရေး ကော်မတီအဖွဲ့မှ သိရသည်။

အဆိုပါမြို့ဝင်စစ်ဆေးဂိတ်များ တိုးချဲ့ဖွင်လှစ်ဆောင်ရွက်ခြင်းကို ရေဇွာမြို့ ကိုဗစ်-၁၉ ရောဂါ ကာကွယ်ထိန်းချုပ်ကုသရေး လုပ်ငန်းကော်မတီဥက္ကဋ္ဌ၊ မြို့အုပ်ချုပ်ရေးမှူး ဦးထင်လင်း၏ ကြီးကြပ်မှုဖြင့် ဌာနဆိုင်ရာဝန်ထမ်းများ၊ ရပ်ကွက်အုပ်ချုပ်ရေးမှူးများနှင့် လူငယ်များ ပူးပေါင်းပြီး မြို့ဝင်စစ်ဆေးရေး ဂိတ်များတွင် အလှည့်ကျစနစ်ဖြင့် နေ့/ညမပျက် အရှိန်အဟုန်မြှင့် ဆက်လက်ဆောင်ရွက်လျက်ရှိကြောင်း သိရသည်။

ဟုန်းအွမ်(ပြန်/ဆက်)