ထန်တလန် အောက်တိုဘာ ၁၃
ချင်းပြည်နယ်၊ ဟားခါးခရိုင်၊ ထန်တလန်မြို့နယ်၌ ၂၀၂၀ ပြည့်နှစ် နိုဝင်ဘာလ ၈ ရက်နေ့တွင် ကျင်းပမည့် ပါတီစုံဒီမိုကရေစီအထွေထွေရွေးကောက်ပွဲတွင် မဲရုံများ လုံခြုံရေးအတွက် တာဝန်ထမ်းဆောင်ကြရန် လုံခြုံရေးဆိုင်ရာ သင်တန်းတက်ရောက်လျက်ရှိသည့် အထူးရဲများအား မြို့နယ်ပြည်သူ့ ကျန်းမာရေး ဦးစီးဌာနမှ Rapid Diagnostic Test (RDT) Test Kit ဖြင့် ကိုဗစ်-၁၉ရောဂါပိုး ရှိ/မရှိစစ်ဆေးခြင်းကို အောက်တိုဘာ(၁၁)ရက်နေ့နှင့်(၁၂)ရက်နေ့က မြို့နယ်ပြည်သူ့ဆေးရုံတွင် ဆောင်ရွက်ခဲ့ကြောင်းသိရ သည်။
ထိုသို့စစ်ဆေးရာတွင် မြို့နယ်ကျန်းမာရေးဦးစီးဌာနမှူး ဒေါက်တာထွန်းပွား ဦးဆောင်သော ကျန်းမာရေးဝန်ထမ်းများက ကိုဗစ်-၁၉ ရောဂါကာကွယ်နိုင်ရန်အတွက် နှာချေ၊ ချောင်းဆိုး၊ လည်ချောင်းနာ၊ ပိုးတွေ့လူနာများနှင့်ထိတွေ့ဆက်စပ်မှု ရှိ/မရှိတို့ကို မေးမြန်းကာ Rapid Diagnostic test (RDT) Test Kit ဖြင့်စစ်ဆေးခဲ့ရာ အထူးရဲသင်တန်း တက်ရောက်နေသည့် သင်တန်းသား (၁၀၅)ဦးတို့တွင် ကိုဗစ်-၁၉ ရောဂါပိုး တွေ့ရှိသူ မရှိကြောင်း မြို့နယ်ရဲတပ်ဖွဲ့ထံမှ သိရသည်။
၂၀၂၀ပြည့်နှစ် ပါတီစုံ အထွေထွေရွေးကောက်ပွဲကြီး၌ ထန်တလန်မြို့နယ်အတွင်း မဲရုံ (၁၀၅) ရုံတွင် အထူးရဲ (၁၀၅) ဦးတို့အား ကျန်းမာရေးနှင့်အားကစားဝန်ကြီးဌာန၏ လမ်းညွှန်ချက်များနှင့်အညီ ထန်တလန်မြို့အမှတ် (၃)ရပ်ကွက်ရှိ Thantlang Association Baptist Church Hall (TABC) တွင် သင်တန်းဖွင့်လှစ်၍ အခြေခံစစ်ရေးပြနှင့် အထူးရဲများ သိသင့်သိထိုက်သည့် ဥပဒေဘာသာရပ်၊ ရဲကျင့်ဝတ် တို့အား သင်ကြားပို့ချပေးလျက်ရှိကြောင်း သိရသည်။
မြို့နယ်(ပြန်/ဆက်)