ဟားခါး အောက်တိုဘာ ၁၃
ချင်းပြည်နယ်၊ ဟားခါးမြို့ရှိ မော်တော်ယာဉ်လိုင်းများအား ကျန်းမာရေးနှင့် အားကစားဝန်ကြီးဌာနက ထုတ်ပြန်ကြေညာထားသောအချက်များနှင့့််အညီ မော်တော်ယာဉ်ပြေးဆွဲရာတွင် ယာဉ်မောင်းနှင့် ယာဉ်နောက်လိုက်များ လိုက်နာဆောင်ရွက်နိုင်စေရေးအတွက် ဟားခါးမြို့သို့ ဝင်ထွက်သွားလာသည့် ယာဉ်မောင်း နှင့်ယာဉ်နောက်လိုက်များအား Swab နမူနာကို အောက်တိုဘာလ ၉ ရက် နံနက် ၉ နာရီမှစတင် စစ်ဆေးခဲ့ပြီး အောက်တိုဘာလ ၁၂ ရက်နေ့အထိ Swab နမူနာ စစ်ဆေးခံသူ စုစုပေါင်း (၂၀၈)ဦး အထိရှိလာကြောင်း ဟားခါးမြို့နယ် ကိုဗစ်-၁၉ ကာကွယ်ရေးနှင့် တုံ့ပြန်ဆောင်ရွက်ရေး လုပ်ငန်းကော်မတီထံမှ သိရှိရသည်။
“ကျွန်တော်တို့ ချင်းပြည်နယ်မှာ ကုန်စည်စီးဆင်းမှု ပြတ်လပ်မှု မရှိစေဖို့အတွက် ကုန်တင်ယာဉ်တွေ ကို သွားလာခွင့် ပြုထားပါတယ်၊ ယာဉ်မောင်းနှင့် ယာဉ်နောက်လိုက်များ ကိုတော့ ကျန်းမာရေးနှင့် အားကစား ဝန်ကြီးဌာနရဲ့ လမ်းညွှန်မှုအရ ကျန်းမာရေးဌာနကနေ Swab နမူနာ စစ်ဆေးပေးပါ တယ်။ ဒီဟားခါးအနေနဲ့ဆိုရင် တစ်ခြား ပြည်နယ်/တိုင်းကနေလာပြီး ကိုယ်ပိုင်ကားတွေ၊ ကုန်တင်ကား မဟုတ်တဲ့ ကားတွေနဲ့လာသူတွေကို ကျန်းမာကြောင်းထောက်ခံစာ၊ သက်ဆိုင်ရာ ရပ်ကွက်၊ကျေးရွာ ထောက်ခံစာ မပါရင် တစ်ခါတည်း Facility Quarantine ထားမှာဖြစ်ပါတယ်၊ ဟားခါးမြို့အနီးအနား ကျောက်သည်တဲ့ကားတွေဆိုရင် ရပ်ကွက်ထောက်ခံစာနှင့်သွားခွင့် ပြုထားပါတယ်၊ ဟားခါးမြို့မှာ ဝင်/ထွက်သွားလာတဲ့ မော်တော်ယာဉ် အားလုံးမှာ Hand Gel တစ်ပါးတည်း ဆောင်ခိုင်းတယ်၊ နှာခေါင်းစည်း Mask တွေတပ်ခိုင်းပါတယ်၊ ဟားခါးကို ဝင်လာတဲ့ ကုန်တင်ယာဉ်မောင်းနှင့် ယာဉ်နောက်လိုက် Swab နမူနာ စစ်ဆေးခံတဲ့သူ အောက်တိုဘာ (၁၂)ရက်နေ့အထိ စုစုပေါင်း (၂၀၈)ဦးအထိရှိပါတယ်၊ သူတို့အားလုံးက Negative ဖြစ်ပါတယ်၊ Swab နမူနာ(၁)ကြိမ်စစ်ဆေးခကို ငွေကျပ်နှစ်သောင်းကနေ တစ်သောင်းအထိ လျော့ချကောက်ခံ ပေးနေပါတယ်” ဟု ဟားခါးမြို့သို့ ဝင်ထွက်သွားလာသည့် ယာဉ်မောင်းနှင့်ယာဉ်နောက်လိုက်များ Swabနမူနာစစ်ဆေးမှုများ နှင့်ပတ်သက်၍ ချင်းပြည်နယ်ပို့ဆောင်ရေး စီမံကိန်းဦးစီးဌာန၊ ပြည်နယ်ဦးစီးမှူး ဦးစောမြင့်လွင်က ပြောသည်။
ဟားခါးမြို့သို့ ဝင်ထွက်သွားလာသည့် ယာဉ်မောင်းနှင့်ယာဉ်နောက်လိုက်များ Swab နမူနာကို အောက်တိုဘာလ ၉ ရက် နံနက် ၉ နာရီမှစတင် စစ်ဆေးခဲ့ပြီး အောက်တိုဘာလ ၁၂ရက်နေ့အထိ Swab နမူနာ စစ်ဆေးခံသူ စုစုပေါင်း (၂၀၈)ဦးရှိပြီး ယနေ့အထိ Positive လူနာမရှိသေးကြောင်း၊ အဆိုပါ Swab နမူနာစစ်ဆေးခြင်းကို ခရီးသွားပြည်သူများ အနေဖြင့် ကြည်ဖြူစွာ စစ်ဆေးမှု ခံယူနိုင်ရေးနှင့် ပူးပေါင်းဆောင်ရွက်နိုင်ရေးတို့အတွက် ဟားခါးမြို့နယ် COVID-19 ကာကွယ်ရေးနှင့် တုံ့ပြန် ဆောင်ရွက်ရေး လုပ်ငန်းကော်မတီနှင့် ပူးပေါင်းအဖွဲ့များက အနီးကပ်စောင့်ကြည့် ကြပ်မတ် ဆောင်ရွက်လျက်ရှိကြောင်း သိရှိရသည်။
ခရိုင်(ပြန်/ဆက်)