( ၇၂ ) နှစ်မြောက် လွတ်လပ်ရေးနေ့ နိုင်ငံတော် အလံတင်အခမ်းအနားနှင့် နိုင်ငံတော် အလံ အလေးပြုပွဲ အခမ်းအနား ပြင်ဦးလွင်မြို့၌ ကျင်းပ

ပြင်ဦးလွင် ဇန်နဝါရီ  ၄ 

၂၀၂၀ ပြည့်နှစ် ၊ (၇၂) နှစ်မြောက် လွတ်လပ်ရေးနေ့ နိုင်ငံတော် အလံတင်အခမ်းအနားနှင့်  နိုင်ငံတော် အလံအလေးပြုပွဲ အခမ်းအနားကို ယနေ့နံနက်ပိုင်းတွင် ပြင်ဦးလွင်မြို့၊ လာရလမ်း၊  လွတ်လပ်ရေး ကျောက်တိုင် ကွင်းတွင် ကျင်းပပြုလုပ်ခဲ့သည်။

ရှေးဦးစွာ နံနက် (၄)နာရီ မိနစ် ၂၀  တွင် ပြည်ထောင်စုသမ္မတမြန်မာနိုင်ငံတော်၊ နိုင်ငံတော်အလံကို လွှင့်တင်ကာ အခမ်းအနားကို တက်ရောက်လာကြသည့် ခရိုင်နှင့်မြို့နယ်တို့မှ ဌာနဆိုင်ရာဝန်ထမ်းများ၊ လူမူရေးအသင်း အဖွဲ့ဝင်များ၊ ဆရာ/ဆရာမများ၊ ကျောင်းသား၊ ကျောင်းသူများနှင့် ပြည်သူများက ပြည်ထောင်စုသမ္မတ မြန်မာ နိုင်ငံတော်၊ နိုင်ငံတော်အလံအား အလေးပြုကြသည်။

ဆက်လက်ပြီး ပြည်ထောင်စုသမ္မတမြန်မာနိုင်ငံတော်၊ နိုင်ငံတော်သမ္မတ ဦးဝင်းမြင့်ထံမှ ၂၀၂၀  ပြည့်နှစ်၊(၇၂) နှစ်မြောက် လွတ်လပ်ရေးနေ့ အခမ်းအနားသို့ပေးပို့သော သဝဏ်လွှာအား ပြင်ဦးလွင်ခရိုင်၊  ခေတ္တ ခရိုင် အုပ်ချုပ်ရေးမှူး ဦးထင်ကျော်က ဖတ်ကြားပြီး ၂၀၂၀ ပြည့်နှစ် ၊ (၇၂)  နှစ်မြောက်  လွတ်လပ်ရေးနေ့ အထိမ်းအမှတ်  အခြေခံပညာ အထက်တန်းနှင့်  အလယ်တန်းအဆင့် စာစီစာကုံးပြိုင်ပွဲများတွင်  ဆုရရှိသော  ကျောင်းသား၊ ကျောင်းသူများကို  တာဝန်ရှိသူများမှ ဆုများအသီးသီးချီးမြှင့်ခဲ့ကြပြီး သတင်းစကား လက်ကမ်း စာစောင်များ ဖြန့်ဝေပေးခဲ့ကြောင်း သိရသည်။

ဇော်မျိုးထိုက် ( ပြင်ဦးလွင် )