ကျိုင်းတုံမြို့၌ ကိုရိုနာဗိုင်းရပ်စ် ကူးစက်ရောဂါ ကြိုတင်ကာကွယ် ထိန်းချုပ်ရေးလုပ်ငန်းများ ဆောင်ရွက်နေမှုနှင့် ပတ်သက်၍ လုပ်ငန်းညှိနှိုင်း အစည်းအဝေး ကျင်းပ

ကျိုင်းတုံ  မတ်  ၁၉

ရှမ်းပြည်နယ် (အရှေ့ပိုင်း)၊ ကျိုင်းတုံမြို့၌ ကိုရိုနာဗိုင်းရပ်စ် ကူးစက်ရောဂါ ကြိုတင်ကာကွယ်ထိန်းချုပ်ရေးလုပ်ငန်းများ ဆောင်ရွက်နေမှုနှင့် ပတ်သက်၍ လုပ်ငန်းညှိနှိုင်းအစည်းအဝေးကို ယမန်နေ့မွန်းလွဲ ၂ နာရီက ခရိုင်အထွေထွေအုပ်ချုပ်ရေးဦးစီးဌာန အစည်းအဝေးခန်းမ၌ ကျင်းပသည်။

ရှေးဦးစွာ ပြည်နယ်လွှတ်တော်ကိုယ်စားလှယ် ဒေါက်တာဝဏ္ဏစိုးက အမှာစကားပြောကြားပြီး ခရိုင်ပြည်သူ့ကျန်းမာရေးဦးစီးဌာနမှူး ဒေါက်တာနန်းနွန်းခမ်းက ကျိုင်းတုံလေဆိပ်၊ မိုင်းယန်းနယ်စပ် ဝင်ပေါက်မှ ဝင်ရောက်လာသည့် ခရီးသွားလာသူများအား ဌာနဆိုင်ရာများ၊ ကျန်းမာရေးဝန်ထမ်းများ ပူးပေါင်း၍ ရောဂါရှာဖွေစစ်ဆေးမှုများ ဆောင်ရွက်လျက်ရှိကြောင်း၊ သံသယလူနာနှင့် အတည်ပြု လူနာများတွေ့ရှိပါက ဆောင်ရွက်မည့် အစီအစဉ်များနှင့် ကျိုင်းတုံဆေးရုံကြီးတွင် Surgical Mask များ၊ PPE များ၊ Hand Gal များ၊ Hand wash များ၊ mask များ လိုအပ်လျက်ရှိသည့် အခြေအနေများကို ဆွေးနွေးသည်။

ထို့နောက် အဆုတ်ရောင်ရောဂါ စောင့်ကြည့်စစ်ဆေးကုသရေး ကြီးကြပ်မှုကော်မတီဝင်များ၊ နည်းပညာ၊ ကွန်ပျူတာ၊ ကျိုင်းတုံတက္ကသိုလ်များ၊ ပညာရေးကောလိပ်၊  သာသနာရေးဦးစီးဌာန၊ ကျိုင်းတုံ အကျဉ်းထောင်နှင့် တိုင်းရင်းဆေးရုံတို့မှ တာဝန်ရှိသူများက သံဃာတော်များ၊ ကျောင်းသား၊ ကျောင်းသူများ၊ အကျဉ်းသားများ၊ ထောင်ဝင်စာ လာတွေ့သူများနှင့် ရပ်ကွက်၊ ကျေးရွာများရှိ ပြည်သူများအား ကိုရိုနာဗိုင်းရပ်စ် ကူးစက်ရောဂါ ကြိုတင်ကာကွယ်ထိန်းချုပ်ရေး နည်းလမ်းများ၊ အသိပညာပေးလုပ်ငန်းများ  ဆောင်ရွက်ထားရှိသည့် အစီအစဉ်များနှင့် ပတ်သက်၍ ဆွေးနွေးသည်။

ထို့နောက် ခရိုင်အုပ်ချုပ်ရေးမှူး ဦးဝင်းမင်းသိန်းက ကျိုင်းတုံဆေးရုံးကြီးတွင် လိုအပ်လျက်ရှိသည့် ကိုရိုနာဗိုင်းရပ်စ် ရောဂါကာကွယ်ရေးပစ္စည်းများ အလှူခံရရှိနိုင်ရေး၊ ဝယ်ယူနိုင်ရေး၊ Hand Gel များ ထုတ်လုပ်သွားမည့် အစီအစဉ်များ၊ စေတနာ့အလှူရှင်များမှ ပံ့ပိုးကူညီမှုရရှိရေး ဆွေးနွေးပြီး  လိုအပ်သည်များ ပူးပေါင်းဆောင်ရွက်ပေးသွားမည်ဖြစ်ကြောင်း ပြောကြားသည်။

အောင်ဇင်မြင့်(ပြန်/ဆက်)