ကန်ပက်လက် အောက်တိုဘာ ၁၃
ချင်းပြည်နယ်၊ မင်းတပ်ခရိုင်၊ ကန်ပက်လက်မြို့နယ်အတွင်းသို့ လာရောက်မည့် ကုန်တင်ယာဉ်များ၏ ယာဉ်မောင်းနှင့် ယာဉ်နောက်လိုက်များအား ကျန်းမာရေးနှင့် အားကစားဝန်ကြီးဌာန၏ RPD ဖြင့် စစ်ဆေးထားသည့် (၂)ပတ်အတွင်း ထုတ်ပေးသော ကိုဗစ်-၁၉ရောဂါပိုး မရှိ(Negative) ဖြစ်ကြောင်း ထောက်ခံချက်ပါမှသာ ဝင်ခွင့်ပြုမည် ဖြစ်ကြောင်း သိရသည်။
အဆိုပါ ထောက်ခံချက်သည် ကိုဗစ်-၁၉ရောဂါကူးစက် ပျံ့နှံ့မှုအား ကာကွယ်ထိန်းချုပ်နိုင်ရေးအတွက် ကုန်တင်ယာဉ်များ သွားလာရာတွင် စံသတ်မှတ်ချက်(Standard Operaring Procedure-SOP) ပါအတိုင်း စနစ်တကျလိုက်နာမှု ရှိစေရေးအတွက် ဆောင်ရွက်ကြခြင်းဖြစ်ပြီး ကျန်းမာရေးနှင့် အားကစားဝန်ကြီးဌာန၏ (၂)ပတ်အတွင်း ထုတ်ပေးသည့် ကိုဗစ်-၁၉ရောဂါပိုးမရှိ (Negative) ဖြစ်ကြောင်း ထောက်ခံချက်(လိုင်စင်ဓာတ်ပုံ)ပါရှိမှသာ ဝင်ခွင့်ပြုကြရန်အတွက် မြို့နယ်စီမံခန့်ခွဲမှု ကော်မတီမှ ဌာနဆိုင်ရာများသို့ အကြောင်းကြားစာ ပေးပို့ထားပြီးဖြစ်ကြောင်း သိရသည်။
ကန်ပက်လက်မြို့နယ်တွင် ကိုဗစ်-၁၉ရောဂါ ကာကွယ်၊ ထိန်းချုပ်၊ ကုသရေးကော်မတီ၏ အနီးကပ်ကြီးကြပ်မှုဖြင့် မြို့အဝင်အထွက်များ စနစ်တကျရှိစေရေး စစ်ဆေးခြင်း၊ မြို့တွင်း၌ လူစုလူဝေး မဖြစ်ပေါ်စေရေး စစ်ဆေး ကြပ်မတ်ခြင်းများအပြင်၊ Positive တွေ့ရှိရသည့် မြို့များမှ လာရောက်သူ များကို Facility Quarantine ထားရှိဆောင်ရွက်ခြင်းများကို ဆောင်ရွက် လျက်ရှိကြကြောင်းနှင့် လက်ရှိတွင် ကန်ပက်လက်မြို့၌ Facility Quarantine ဝင်ရောက်သူ (၂)ဦးရှိကြောင်း သိရသည်။
ကိုလိန်း(ပြန်/ဆက်)