မုံးကိုး အောက်တိုဘာလ ၁၃
မူဆယ်ခရိုင်၊ မုံးကိုးမြို့၌ ကိုဗစ်-၁၉ ရောဂါ ကြိုတင်ကာကွယ်နိုင်ရေးအတွက် အသိပညာပေးခြင်းနှင့် မြို့အဝင်/အထွက်ဂိတ်များတွင် ကျန်းမာရေးစစ်ဆေးခြင်းတို့ကို အရှိန်အဟုန်မပျက်ဆောင်ရွက်လျက်ရှိရာ နှာခေါင်းစည်းတပ်ဆင်ခြင်းမရှိဘဲ ပြင်ပသို့ သွားလာသူများကို ယခုဝယ်၊ ယခုတပ်စနစ်ဖြင့် ယနေ့ နံနက်ပိုင်းက ဆက်လက်ဆောင်ရွက်သည်။
ထိုသို့ဆောင်ရွက်ရာတွင် မြို့ကိုဗစ်-၁၉ရောဂါကြိုတင်ကာကွယ်ထိန်းချုပ်ရေးနှင့် အရေးပေါ်တုံ့ပြန်ရေး ကော်မတီက ပြည်သူလူထုများ လိုက်နာသင့်သည့် ကျန်းမာရေးနှင့် အားကစားဝန်ကြီး ဌာနနှင့် ပြည်နယ်အစိုးရအဖွဲ့၏ ညွှန်ကြားချက်များကို အသံချဲ့စက်များဖြင့် အသိပညာပေး နှိုးဆော်ခြင်း၊ မြို့ဝင်/မြို့ထွက်စစ်ဆေးရေး ဂိတ်များတွင် ခရီးသွားပြည်သူတိုင်းကို ကျန်းမာရေး စစ်ဆေးခြင်း၊ ရောဂါကူးစက်ပြန့်ပွားမှုမရှိစေရေး ကြိုတင်ကာကွယ်ရေးအတွက် ခရီးသွားထောက်ခံချက် များ စစ်ဆေးမှုပြုလုပ်ခြင်း၊ နှာခေါင်းစည်း တပ်ဆင်ခြင်း ရှိ/မရှိ စစ်ဆေးခြင်းနှင့် နေအိမ်ပြင်ပသို့ သွားလာပြီး နှာခေါင်းစည်းတပ်ဆင်ခြင်း မရှိပါက ယခုဝယ်/ယခုတပ်စနစ် ဆောင်ရွက်မှု များကို အဖွဲ့ခွဲ၍ စနစ်တစ်ကျဆောင်ရွက်လျက်ရှိသည်။
ဆက်လက်ပြီး မုံးကိုးမြို့တွင် ကိုဗစ်-၁၉ ရောဂါ ကာကွယ်ထိန်းချုပ်နိုင်ရေးအတွက် အသိပညာပေးခြင်းလုပ်ငန်းများကို ဌာန ဆိုင်ရာများ၊ ရပ်ကွက်အုပ်ချုပ်ရေးမှူးများ၊ ရပ်မိရပ်ဖများ ပူးပေါင်း၍ အရှိန်အဟုန်မြှင့်တင်ပြီး ဆက်လက်ဆောင်ရွက်သွားမည်ဖြစ်ကြောင်း သိရသည်။
သန်းဇော်ဦး(ပြန်/ဆက်)