ချင်းပြည်နယ်သို့ဝင်မည့် ကုန်တင်ယာဉ်မောင်းနှင့် ယာဉ်နောက်လိုက်များ RDT Test Kit ဖြင့် စတင်စစ်ဆေး

ခိုင်ကမ်း အောက်တိုဘာ ၁၃

ချင်းပြည်နယ် ဖလမ်းခရိုင် တီးတိန်မြို့နယ် ခိုင်ကမ်းမြို့တွင် ချင်းပြည်နယ်အတွင်း ဝင်ရောက်မည့် ကုန်စည်ကား မောင်းနှင်သည့် ယာဉ်မောင်းများနှင့် ယာဉ်နောက်လိုက်များကို RDT Test Kit ဖြင့် Swab ယူကာ ကျန်းမာရေး စစ်ဆေးခြင်းကို ယနေ့နံနက် ၁၀ နာရီအချိန်က စတင်ဆောင်ရွက်နေပြီဖြစ်ကြောင်း သိရှိရသည်။

ချင်းပြည်နယ်အတွင်း ဝင်ရောက်မည့် ယာဉ်မောင်း ယာဉ်နောက်လိုက်များကို RDT Test Kit ဖြင့်   Swab ယူကာ ကျန်းမာရေးစစ်ဆေးပြီး ရောဂါပိုးတွေ့ရှိခြင်း မရှိမှသာ ဆက်လက် ထွက်ခွာခွင့်ပြုမည်ဖြစ်ကြောင်းနှင့် ယင်းသို့ စစ်ဆေးမှုအတွက် တစ်ဦးလျှင် ငွေကျပ် (၁၀၀၀၀/-) ကျပ် တစ်သောင်းတိတိကုန်ကျမည် ဖြစ်ပါသည်။

ထိုသို့ ကျန်းမာရေးစစ်ဆေးခြင်းကို တနင်္လာနေ့မှ သောကြာနေ့အထိ (နံနက်  ၈ နာရီနှင့် ၁၀ နာရီ) တွင် နှစ်ကြိမ် ညနေပိုင်း  ၃ နာရီနှင့် ၅ နာရီတွင်နှစ်ကြိမ် တစ်ရက်လျှင် လေးကြိမ် စစ်ဆေးခြင်းဆောင်ရွက်သွားမည်ဖြစ်ပြီး စနေနှင့် တနင်္ဂနွေနေ့များတွင် တစ်ရက်လျှင် နှစ်ကြိမ် စစ်ဆေးဆောင်ရွက်သွားမည်ဖြစ်ကြောင်း သိရှိရသည်။

ကိုဗစ်-၁၉ ရောဂါပိုးအား RDT Test Kit ဖြင့် Swab ယူစစ်ဆေးခြင်း၏ အဖြေသည် အချိန်ကာလအားဖြင့် နာရီပေါင်း (၇၂) နာရီအကျုံးဝင်ကြောင်း တီးတိန်မြို့နယ် ပြည်သူ့ဆေးရုံအုပ်ကြီး ဒေါက်တာဇော်မြင့်နိုင်ထံမှ သိရှိရသည်။

ဝုန်လွန်းညောင်(ခိုင်ကမ်း)