ဆွမ်ပရာဘွမ် အောက်တိုဘာ ၁၃
ကချင်ပြည်နယ်၊ ပူတာအိုခရိုင်၊ ဆွမ်ပရာဘွမ်မြို့နယ်တွင် ပထမအကြိမ်ရွေးကောက်ပွဲဆိုင်ရာစေ့စပ် ညှိနှိုင်းရေးကော်မတီ လုပ်ငန်းညှိနှိုင်း အစည်းအဝေးကို ယနေ့နံနက် ၁၀ နာရီခန့်က မြို့နယ် ရွေးကောက်ပွဲကော်မရှင်အဖွဲ့ခွဲ အစည်းအဝေးခန်းမတွင်ကျင်းပခဲ့သည်။
၂၀၂၀ပြည့်နှစ် နိုဝင်ဘာလ (၈) ရက်နေ့တွင်ကျင်းပပြုလုပ်မည့် အထွေထွေရွေးကောက်ပွဲတွင် နိုင်ငံရေး ပါတီများမှ မဲဆွယ်စည်းရုံရေး ဆောင်ရွက်ကြသည့်ကာလတွင် အငြင်းပွားမှု ပြဿနာ တစ်စုံတစ်ရာ ပေါ်ပေါက်လာပါက အချိန်တိုအတွင်း ညှိနှိုင်းဖြေရှင်းဆောင်ရွက်နိုင်ရန် ရည်ရွယ်၍ ဆောင်ရွက်ခြင်းဖြစ်ကြောင်း မြို့နယ်ရွေးကောက်ပွဲ ကော်မရှင်အဖွဲ့ခွဲမှသိရသည်။
အဆိုပါအစည်းအဝေးတွင် မြို့နယ်ရွေးကောက်ပွဲကော်မရှင်အဖွဲ့ခွဲဥက္ကဋ္ဌ ဦးဒိန်ခန်ယုံခက စေ့စပ်ညှိနှိုင်းရေးကော်မတီမှ ဆောင်ရွက်မည့်လုပ်ငန်းစဉ်၊ လုပ်ထုံးလုပ်နည်းများကို ရှင်းလင်းပြောကြားပြီး မြို့နယ်ရွေးကောက်ပွဲကော်မရှင်အဖွဲ့ခွဲ အတွင်းရေးမှူး ဦးစီးအရာရှိ ဦးအောင်နိုင်ဦးက ရွေးကောက်ပွဲဆိုင်ရာ စေ့စပ်ညှိနှိုင်းရေးကော်မတီ ဖွဲ့စည်းရခြင်း ၏ ရည်ရွယ်ချက်များနှင့် နိုင်ငံရေးပါတီများ မဲဆွယ်စည်းရုံးရာတွင်ခွင့်ပြု ပေးထားသည့်စည်းကမ်းချက်များအတိုင်း လိုက်နာဆောင်ရွက်ကြရမည်ဖြစ်ကြောင်း ရှင်းလင်း ဆွေးနွေးသည်။
ဆက်လက်၍ မြို့နယ်ဆရာဝန်ကြီး ဒေါက်တာအောင်နိုင်ထွန်းက ကျန်းမာရေးနှင့်အားကစားဝန်ကြီးဌာနမှ ရွေးကောက်ပွဲ မဲဆွယ်စည်းရုံးရာတွင် လိုက်နာရမည့်ညွှန်ကြား ချက်များကို ရှင်းလင်း ဆွေးနွေးပြီး မြို့နယ် ရွေးကောက်ပွဲဆိုင်ရာ စေ့စပ်ညှိနှိုင်းရေး ကော်မတီအဖွဲ့ဝင်များနှင့် နိုင်ငံရေးပါတီများမှ ကိုယ်စားလှယ်များက မဲဆွယ်စည်းရုံးရာတွင် တွေ့ကြုံရသည့် အခက်အခဲများနှင့် သိရှိလိုသည်များကို မေးမြန်းဆွေးနွေးကြရာ မြို့နယ်ရွေးကောက်ပွဲ ကော်မရှင်အဖွဲ့ခွဲ အတွင်းရေးမှူးနှင့် တာဝန်ရှိသူများက ပြန်လည် ရှင်းလင်းဖြေကြားခဲ့ကြသည်။
ဆွမ်ပရာဘွမ်မြို့နယ်တွင် ရပ်ကွက်(၃)ရပ်ကွက်၊ ကျေးရွာအုပ်စု (၉) အုပ်စုတွင် မဲရုံ (၁၂) ရုံ ရှိပြီး ဒုတိယအကြိမ် မဲဆန္ဒရှင် (၁၈၆၁) ဦး ကပ်ထားကြေညာထားရှိပြီး ယခု စက်တင်ဘာ ၁၇ ရက်နေ့မှ အောက်တိုဘာ ၁၀ ရက်နေ့ထိ ၃-က ဖြင့် လျှောက်ထားသူ (၈၂၃) ဦး၊ အသက် ခြောက်ဆယ်နှင့် အထက်အသက်အရွယ်ကြီးရင့်သူများအား ကြိုတင်ဆန္ဒမဲပေးနိုင်ရန်အတွက် ကြိုတင်ပြင်ဆင် ထားရှိပါကြောင်းနှင့် ၂၀၂၀ ပြည့်နှစ် ပါတီစုံဒီမို ကရေစီအထွေထွေရွေးကောက်ပွဲတွင် နိုင်ငံရေးပါတီ ငါးပါတီနှင့် တစ်သီးပုဂ္ဂလပါတီတစ်ဦးတို့မှ လွှတ်တော်ကိုယ် စားလှယ်(၂၁)ဦးနှင့် တိုင်းရင်းသား လေးမျိုးအတွက် လွှတ်တော်ကိုယ်စားလှယ် (၂၉) ဦးတို့ သက်ဆိုင်ရာလွှတ်တော် မဲဆန္ဒနယ်အလိုက် ဝင်ရောက်ယှဉ်ပြိုင်သွားမည် ဖြစ်ကြောင်းသိရသည်။
ကုဋေ (ပြန်/ဆက်)