ချင်းပြည်နယ် ဟားခါးမြို့နယ်အတွင်း ဆောင်းသီးနှံကုလားပဲ စမ်းသပ်စိုက်ပျိုးမည်

ဟားခါး         အောက်တိုဘာ        ၁၃

ချင်းပြည်နယ် ဟားခါးမြို့နယ်အတွင်း စိုက်ပျိုးရေးဦးစီးဌာနမှ မျိုးကောင်းမျိုးသန့် သီးနှံမျိုးစေ့ ရရှိနိုင်ရန်အတွက် စိုက်ပျိုးရေးဦးစီးဌာန(ရုံးချုပ်)မှ ပေးပို့သည့်ဆောင်းသီးနှံ ကုလားပဲဒေသနှင့် ကိုက်ညီမှု ရှိ/မရှိကို အောက်တိုဘာလအတွင်း ဟားခါးမြို့၊ စျေးဟောင်းရပ်ကွက် ဟိုင်တလန် စိုက်ပျိုးရေးခြံတွင် စမ်းသပ်စိုက်ပျိုးသွားမည်ဖြစ်ကြောင်း သိရှိရသည်။

“ကျွန်တော်တို့ ဒီဆောင်းကုလားပဲကို ဒေသနှင့်ကိုက်ညီမှု ရှိ/မရှိ စမ်းသပ် စိုက်ပျိုးသွားမှာဖြစ်ပါတယ်၊ ဒေသနှင့်ကိုက်ညီမှုရှိရင်တော့ ချင်းပြည်နယ်အတွင်းကို ဆက်လက် ဖြန့်ဝေစိုက်ပျိုးသွားမှာ ဖြစ်ပါတယ်၊ ဒီဆောင်းကုလားပဲမျိုးစေ့ကို ကျွန်တော်တို့ စိုက်ပျိုးရေး ဦးစီးဌာန(ရုံးချုပ်)ကနေ ပို့ပေးတာပါ၊ အခုစမ်းသပ်တဲ့အနေနှင့် (၀.၅)ဧကလောက် စမ်းသပ်စိုက်ပျိုးဖို့ ဒီနေ့ အောက်တိုဘာ ၁၃ရက်နေ့မှာ မြေပြုပြင်တာတွေ လုပ်ပါတယ်၊ နောက်နေ့မှာတော့ စမ်းသပ်စိုက်ပျိုးသွားမှာပါ” ဟု ဟားခါးမြို့နယ် စိုက်ပျိုးရေးဦးစီးဌာန၊ မြို့နယ်ဦးစီးမှူး ဦးရဲဝင်းအောင်က ပြောသည်။

အဆိုပါ ဆောင်းသီးနှံကုလားပဲကို ဒေသနှင့်ကိုက်ညီမှု ရှိ/မရှိ စမ်းသပ်စိုက်ပျိုးခြင်းအဖြစ် (၀.၅)ဧက စတင်စမ်းသပ်စိုက်ပျိုးပြီး ဒေသနှင့်ကိုက်ညီမှုရှိလျှင် ဒေသခံတောင်သူများထံ ဆက်လက်ဖြန့်ဝေ စိုက်ပျိုးသွားမည်ဖြစ်ကြောင်း ဟားခါးမြို့နယ် စိုက်ပျိုးရေးဦးစီးဌာနထံမှ သိရှိရသည်။

ခရိုင်(ပြန်/ဆက်)