ညောင်တုန်း ဇန်နဝါရီ ၄
ဧရာဝတီတိုင်းဒေသကြီး၊ မအူပင်ခရိုင်၊ ညောင်တုန်းမြို့နယ်တွင် (၇၂) နှစ်မြောက် လွတ်လပ်ရေးနေ့ အခမ်းအနားကို ယနေ့ နံနက် ၇ နာရီက မြို့တော်ခန်းမ၌ ကျင်းပပြုလုပ်ခဲ့သည်။
ရှေးဦးစွာ ပြည်ထောင်စုသမ္မတ မြန်မာနိုင်ငံတော်အလံကို တက်ရောက်လာကြသူများက အလေးပြုခဲ့ကြပြီး နိုင်ငံတော်သမ္မတ ဦးဝင်းမြင့်ထံမှ ပေးပို့သော ၂၀၂၀ ပြည့်နှစ်၊ (၇၂) နှစ်မြောက် လွတ်လပ်ရေးနေ့သဝဏ်လွှာအား မြို့နယ် အုပ်ချုပ်ရေးမှူး ဦးသွင်ကိုကိုမင်းက ဖတ်ကြားခဲ့သည်။
ထို့နောက် ညောင်တုန်းမြို့နယ်အတွင်းရှိ အခြေခံပညာ ကျောင်းများမှ (၇၂) နှစ်မြောက် လွတ်လပ်ရေးနေ့ အထိမ်းအမှတ် စာစီစာကုံး၊ ကဗျာပြိုင်ပွဲများတွင် ဆုအသီးသီးရရှိသော ကျောင်းသား၊ ကျောင်းသူများနှင့် ညောင်တုန်း မြို့နယ်မိခင်နှင့် ကလေးစောင့်ရှောက်ရေးအသင်းမှ ကြီးမှူးကျင်းပသည့် (၇၂) နှစ်မြောက် လွတ်လပ်ရေးနေ့ အထိမ်းအမှတ် သားကောင်း မိခင်နှင့်ကလေးကျန်းမာမှု ပြိုင်ပွဲတွင် ဆုရရှိသူများနှင့် အလှူရှင်များအား ဂုဏ်ပြု မှတ်တမ်းလွှာများ ကို ပြည်သူ့လွှတ်တော်ကိုယ်စားလှယ် ဦးအုန်းလွင်၊ မြို့နယ် အုပ်ချုပ်ရေးမှူး ဦးသွင်ကိုကိုမင်းနှင့် ဌာနဆိုင်ရာတာဝန်ရှိသူများက ပေးအပ်ခဲ့သည်။
အဆိုပါ အခမ်းအနားသို့ လွှတ်တော်ကိုယ်စားလှယ်များ၊ မြို့နယ်အုပ်ချုပ်ရေးမှူး၊ ဌာနဆိုင်ရာအကြီးအကဲများ၊ နိုင်ငံရေးပါတီများ၊ လူမှုရေးအသင်းအဖွဲ့များ၊ ဆရာ၊ ဆရာမများနှင့် ကျောင်းသား၊ ကျောင်းသူများ စုစုပေါင်း (၄၅၀) ဦးခန့်တက်ရောက်ခဲ့ကြပြီး အခမ်းအနား တက်ရောက်လာကြသူများကို မြို့နယ် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေး ဦးစီးဌာနဝန်ထမ်းများက (၇၂) နှစ်မြောက် လွတ်လပ်ရေးနေ့ အထိမ်းအမှတ် သတင်းစကား လက်ကမ်း စာစောင်များကို ဖြန့်ဝေပေးခဲ့ကြောင်း သိရသည်။
ဝဠာနိုင် (ညောင်တုန်း)