လားရှိုး ဇူလိုင် ၂၈
ရှမ်းပြည်နယ်(မြောက်ပိုင်း)၊ လားရှိုးမြို့တွင် တည်ရှိသည့် အရှေ့မြောက်တိုင်းစစ်ဌာနချုပ်၊ တိုင်းနှစ်ပတ်လည်နေ့ စစ်ရေးပြအခမ်းအနားကို ယမန်နေ့ နံနက်ပိုင်းက တိုင်းစစ်ဌာနချုပ်စစ်ရေးပြကွင်းတွင် ကျင်းပပြုလုပ်ရာ တိုင်းမှူး ဗိုလ်ချုပ်နိုင်နိုင်ဦးနှင့် တိုင်းစစ်ဌာနချုပ်မှ တပ်မတော်အရာရှိကြီးများ၊ တပ်ရင်း/ တပ်ဖွဲ့မှူးများ၊ အရာရှိ၊ စစ်သည်များနှင့် မိသားစုဝင်များ၊ ဖိတ်ကြားထားသော ဧည့်သည်တော်များ တက်ရောက်ခဲ့ကြသည်။
အခမ်းအနားတွင် တိုင်းမှူးက တိုင်းနှစ်ပတ်လည်နေ့အထိမ်းအမှတ် မိန့်ခွန်းပြောကြားပြီး စစ်ရေးပြအစီအစဉ်ကို ကြည့်ရှုသည်။
ထို့နောက် (၅၁)နှစ်မြောက် တိုင်းနှစ်ပတ်လည်နေ့အခမ်းအနားနှင့် ဆုချီးမြှင့်ခြင်းအခမ်းအနားကို တိုင်းစစ်ဌာနချုပ်ခန်းမတွင် ကျင်းပပြုလုပ်ရာ ၂၀၂၂-၂၀၂၃ ပညာသင်နှစ်တွင် မူလတန်း၊ အလယ်တန်း၊ အထက်တန်း၊ တက္ကသိုလ်ဝင်စာမေးပွဲ၌ ထူးချွန်စွာအောင်မြင်ခဲ့ကြသော ကျောင်းသား၊ ကျောင်းသူများ၊ စံပြစစ်သည်ဆုရရှိသူများ၊ ကဗျာဝတ္ထုစာမူထူးချွန်ဆုရရှိသူများ၊ ၂၀၂၂ ခုနှစ် တပ်မတော်ကြည်း၊ ရေ၊ လေ သေနတ်ပစ်ပြိုင်ပွဲတွင် ရွှေတံဆိပ်ရရှိသူများ၊ သင်တန်းထူးချွန်ဆုရရှိသူများ၊ စိုက်ပျိုးရေးထူးချွန်ဆု၊ မွေးမြူရေးထူးချွန်ဆုနှင့် သန့်ရှင်းရေးထူးချွန်ဆုရရှိသူများကို ဂုဏ်ပြုဆုများပေးအပ်ချီးမြှင့်ခဲ့ကြောင်း သိရသည်။
စိုင်းထွန်း(လားရှိုး)