ဆွမ်ပရာဘွမ် ဇူလိုင် ၂၉
ကချင်ပြည်နယ်၊ ပူတာအိုခရိုင်၊ ဆွမ်ပရာဘွမ်မြို့တွင် မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့များနှင့်ဌာနဆိုင်ရာများ ပူးပေါင်း၍ စုပေါင်းသန့်ရှင်းရေးလုပ်ငန်းကို ယနေ့နံနက် ၈ နာရီက မြို့မရပ်ကွက်ရှိ ထေရဝါဒ ဗုဒ္ဓသာသနာပြု ကျောင်း၌ ဆောင်ရွက်ခဲ့သည်။
ထိုသို့စုပေါင်းသန့်ရှင်းရေးဆောင်ရွက်ရာ ဆွမ်ပရာဘွမ်မြို့ မြို့မရပ်ကွက်ရှိ ထေရဝါဒဗုဒ္ဓသာသနာပြုကျောင်းတွင် ဝါကပ်၊ ဝါဆိုတော်မူမည့် သံဃာတော်အရှင်တော်မြတ်တို့အား ဆွမ်ပရာဘွမ်မြို့အမှတ် (၄၆)ခြေလျင် တပ်ရင်း/ တပ်ဖွဲ့များ၊ မြို့နယ်အဆင့်ဌာနဆိုင်ရာ ဝန်ထမ်းများနှင့် အလှူရှင်အသီးသီးတို့မှ စုပေါင်း၍ ဝါဆိုသင်္ကန်းကပ်လှူ ပူဇော်ပွဲ ကျင်းပနိုင်ရန်အတွက် စုပေါင်းသန့်ရှင်းရေး ဆောင်ရွက်ခြင်းဖြစ်ကြောင်း သိရသည်။
အဆိုပါ စုပေါင်းသန့်ရှင်းရေး ဆောင်ရွက်ရာ၌ မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌ ဦးခင်မောင်မြင့်နှင့် အဖွဲ့ဝင်များ၊ မြို့နယ်စခန်းမှူးနှင့်တပ်ဖွဲ့ဝင်များ၊မြို့နယ်အဆင့်ဌာနဆိုင်ရာအကြီးအကဲများနှင့်ဝန်ထမ်းများ၊ မြို့နယ်မီးသတ်တပ်ဖွဲ့ဝင်များ၊ ရပ်ကွက်အုပ်ချုပ်ရေးမှူးများ၊ မြို့နယ်အမျိုးသမီးရေးရာအဖွဲ့များ၊ မြို့နယ်မိခင်နှင့်ကလေး စောင့်ရှောက်ရေးအသင်းစုပေါင်းအဖွဲ့များက မြို့မရပ်ကွက်ရှိ ထေရဝါဒ ဗုဒ္ဓသာသနာပြုကျောင်းဝန်း၌ ပေါင်းပင်များ၊ ချုံနွယ်ပင်များ၊ အမှိုက်များကို စုပေါင်းခုတ်ထွင် ရှင်းလင်း ဆောင်ရွက်ခဲ့ကြသည်။
ဧပရယ်မိုး(ဆွမ်ပရာဘွမ်)