မြိတ် ဇန်နဝါရီ ၄
(၇၂)နှစ်မြောက် လွတ်လပ်ရေးနေ့ အခမ်းအနားကို နိုင်ငံတစ်ဝှမ်းတွင် ကျင်းပလျက်ရှိရာ တနင်္သာရီတိုင်းဒေသကြီး၊ မြိတ်မြို့၌ ယနေ့ နံနက်ပိုင်းက လွတ်လပ်ရေးနေ့ အခမ်းအနားကို မြို့မ အားကစားကွင်း၌ ကျင်းပခဲ့သည်။
လွတ်လပ်ရေးနေ့ အလံတင် အခမ်းအနားကို နံနက် ၄နာရီ မိနစ်၂၀ တွင် ကျင်းပရာ ပြည်ထောင်စုသမ္မတ မြန်မာနိုင်ငံတော်အလံအား ဂုဏ်ပြုတပ်ဖွဲ့မှ အလံတိုင်ထိပ်သို့ လွှင့်တင်ခဲ့ကြပြီး နိုင်ငံတော်အလံနှင့် အာဇာနည်ခေါင်ဆောင်ကြီးများအား တနင်္သာရီတိုင်းဒေသကြီး လွှတ်တော်ကိုယ်စားလှယ် ဦးဖြိုးဝင်းထွန်း၊ မြိတ်ခရိုင်အုပ်ချုပ်ရေးမှူး ဦးအောင်ကျော်ဦး နှင့် ခရိုင်/ မြို့နယ် ဌာနဆိုင်ရာ အကြီးအကဲများက အလေးပြုခဲ့ကြသည်။
သဝဏ်လွှာ ဖတ်ပွဲအခမ်းအနားကို နံနက်(၇)နာရီက ဆက်လက်ကျင်းပခဲ့ရာ ရှေးဦးစွာ နိုင်ငံတော်အလံနှင့် အာဇာနည် ခေါင်းဆောင်ကြီးများအား တိုင်းဒေသကြီး လွှတ်တော်ကိုယ်စားလှယ်၊ ခရိုင်အုပ်ချုပ်ရေးမှူး နှင့် ခရိုင်/ မြို့နယ် ဌာနဆိုင်ရာ အကြီးအကဲများ၊ ဝန်ထမ်းများ၊ မြို့နယ်စည်ပင်သာယာရေးကော်မတီ၊ နိုင်ငံရေး ပါတီများ၊ လူမှုရေးအသင်းအဖွဲ့များ၊ ဆရာ/ဆရာမများနှင့် ကျောင်းသား/ကျောင်းသူများ၊ တိုင်းရင်းသား/ တိုင်းရင်းသူလေးများ၊ ပြည်သူများက စုပေါင်းညီညာစွာ ဦးညွှတ် အလေးပြုခဲ့ကြသည်။
ထို့နောက် နိုင်ငံတော်သမ္မတထံမှပေးပို့သော (၇၂)နှစ်မြောက် လွတ်လပ်ရေးနေ့ သဝဏ်လွှာကို မြိတ်ခရိုင် အုပ်ချုပ်ရေးမှူး ဦးအောင်ကျော်ဦးက ဖတ်ကြားခဲ့ပြီး လွတ်လပ်ရေးနေ့အထိမ်းအမှတ် ပြိုင်ပွဲများတွင် ဆုရရှိသူများအား တိုင်းဒေသကြီးလွှတ်တော်ကိုယ်စားလှယ်၊ ခရိုင်အုပ်ချုပ်ရေးမှူးနှင့် တာဝန်ရှိသူများက ပေးအပ်ချီးမြှင့်ခဲ့ကြသည်။ အခမ်းအနားတွင် တက်ရောက်လာကြသူများအား ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနမှ ထုတ်ဝေသည့် လွတ်လပ်ရေးနေ့အထိမ်းအမှတ် သတင်းစကားလက်ကမ်း စာစောင်များကို မြိတ်ခရိုင်ရုံးဝန်ထမ်း များက ဖြန့်ဝေပေးခဲ့ကြကြောင်း သိရသည်။
ခိုင်ထူး ( မြိတ် ပြန်/ဆက် )