မယ်စဲ့ မတ် ၁၉
ကယားပြည်နယ်၊ ဘောလခဲခရိုင်၊ မယ်စဲ့မြို့နယ်တွင်၂၀၁၉-၂၀၂၀ ဘဏ္ဍာနှစ် ခွင့်ပြုရန်ပုံငွေ များဖြင့် တင်ဒါအောင်မြင်သည့် ကုမ္ပဏီအသီးသီးမှ တည်ဆောက်ရေးလုပ်ငန်းများ ဆောင်ရွက်လျက်ရှိရာ အဆိုပါလုပ်ငန်းများ အရည်အသွေးပြည့်မီစေရေးနှင့် သတ်မှတ်ကာလအတွင်း အချိန်မီပြီးစီးရေးအတွက် ယမန်နေ့ မွန်းလွဲ ၁ နာရီခွဲက ဘောလခဲခရိုင် တည်ဆောက်ရေးနှင့် အရည်အသွေး စစ်ဆေးရေးလုပ်ငန်းကော်မတီဥက္ကဋ္ဌ ခရိုင်အုပ်ချုပ်ရေးမှူး ဦးသိန်းအောင်နှင့် ကော်မတီဝင်များ၊ မြို့နယ်တည်ဆောက်ရေးနှင့် အရည်အသွေးစစ်ဆေးရေး လုပ်ငန်းကော်မတီဥက္ကဋ္ဌ မြို့နယ် အုပ်ချုပ်ရေးမှူး ဦးလှမျိုးထွန်းနှင့် ကော်မတီဝင်များ၊ မြို့နယ်စည်ပင်သာယာရေး ကော်မတီဥက္ကဋ္ဌ ဦးစိုင်းရွှေတို့က ကွင်းဆင်းကြီးကြပ်စစ်ဆေးခဲ့ကြောင်း သိရသည်။
အဆိုပါအဖွဲ့သည် အထွေထွေအုပ်ချုပ်ရေးဦးစီးဌာန ၆ ခန်းတွဲ ၂ ထပ် ဝန်ထမ်းအိမ်ရာ တည်ဆောက် ခြင်းလုပ်ငန်း၊ မြို့နယ်ရွေးကောက်ပွဲကော်မရှင်အဖွဲ့ခွဲရုံး တည်ဆောက်ခြင်းလုပ်ငန်း၊ မြို့ပြနှင့်အိမ်ရာ ဖွံ့ဖြိုးရေးဦးစီးဌာန ၄ ခန်းတွဲ ၂ ထပ် တည်ဆောက်ခြင်းလုပ်ငန်း၊ ဘေးအန္တရာယ်ဆိုင်ရာ စီမံခန့်ခွဲမှု ဦးစီးဌာန ရုံးတည်ဆောက်ခြင်းလုပ်ငန်း၊ ကျန်းမာရေးဦးစီးဌာန ၄ ခန်းတွဲ ၂ ထပ် ဝန်ထမ်းအိမ်ရာ တည်ဆောက်ခြင်းလုပ်ငန်း၊ မယ်စဲ့-ဘီပီ (၁၃) လမ်း အဆင့်မြှင့်တင်မှု အခြေအနေ၊ မြို့ကွက်လမ်း ကတ္တရာခင်းခြင်းလုပ်ငန်း၊ မြို့နယ်အားကစားကွင်း ပွဲကြည့်စင်အဝင်လမ်း ကွန်ကရစ်ခင်းခြင်း လုပ်ငန်းနှင့် ကားပါကင်ဆောင်ရွက်ခြင်းလုပ်ငန်း၊ မယ်စဲ့-ခွန်ယွန်း နှစ်နိုင်ငံ နယ်စပ်ဈေး လျှပ်စစ်မီး သွယ်တန်းမှု အခြေအနေ၊ မယ်စဲ့ကုန်သွယ်ရေးစခန်း ယာဉ်ငယ်စစ်ဆေးရေးဂိတ် တည်ဆောက်မှု လုပ်ငန်းနှင့် ပန်တိန်းကျေးရွာ လယ်ယာကုန်ထုတ်လမ်းဖောက်လုပ်နေမှု အခြေအနေတို့ကို ကြည့်ရှုစစ်ဆေးရာ သက်ဆိုင်ရာ ဌာနဆိုင်ရာတာဝန်ရှိသူများနှင့် ကုမ္ပဏီမှ တာဝန်ရှိသူများက လိုက်လံ ရှင်းလင်း ပြသခဲ့သည်။
ထို့နောက်ခရိုင်အုပ်ချုပ်ရေးမှူးက သတ်မှတ်ထားသည့် လုပ်ငန်းပြီးစီးမှု ရာခိုင်နှုန်း အပေါ်မူတည်၍ ခွင့်ပြုငွေများထုတ်ယူကြရန်၊ လုပ်ငန်းများတွင်သုံးစွဲသော ကုန်ကြမ်းများအား အရည်အသွေး ပြည့်မီစွာ သုံစွဲကြရန်နှင့် ဘဏ္ဍာနှစ်အတွင်း အချိန်မီပြီးစီးရေး ဆောင်ရွက်သွားရန် မှာကြား ခဲ့ကြောင်း သိရသည်။
ဝတ်ရည်(ပြန်/ဆက်)