မန္တလေး အောက်တိုဘာ ၁၄
မန္တလေး၊ အောင်မြေသာစံမြို့နယ်တွင် ရွေးကောက်ပွဲဆိုင်ရာ လုပ်ငန်းများ အောင်မြင်စွာ ဆောင်ရွက်နိုင်ရန်အတွက် လုပ်ငန်းညှိနှိုင်း အစည်းအဝေးကို ယမန်နေ့ မွန်းလွဲ ၃ နာရီအချိန်က ပြည်ကြီးရန်လုံရပ်ကွက်၊ အကွက်(၆၂)၊ ၁၆လမ်းနှင့် ၈၆ လမ်းထောင့်ရှိ အမြောက်တန်းသစ်လွင် ဓမ္မာရုံတွင် ကျင်းပသည်။
အစည်းအဝေးတွင် အောင်မြေသာစံမြို့နယ် ရွေးကောက်ပွဲကော်မရှင် အဖွဲ့ခွဲဥက္ကဋ္ဌ ဒေါက်တာ ကိုကိုကြီးက ကိုဗစ်-၁၉ရောဂါနှင့် စပ်လျဉ်းသည့် ကျန်းမာရေးဆိုင်ရာ ညွှန်ကြားချက်များအရ မိမိမဲဆန္ဒနယ်သို့ ပြန်လည်ဆန္ဒမဲပေးခြင်း မပြုနိုင်သည့် မဲဆန္ဒနယ်ပြင်ပရောက် မဲဆန္ဒရှင်များ ကြိုတင်ဆန္ဒမဲပေးရန် ကိစ္စနှင့်ပတ်သက်၍ ရောက်ရှိရာဒေသတွင် ပုံစံ(၁၅)လျှောက်ထား၍ ကြိုတင်ဆန္ဒမဲပေးခြင်း လုပ်ငန်းစဉ်များအကြောင်းကို ရှင်းလင်းပြောကြားသည်။
ဆက်လက်၍ မြို့နယ်ရွေးကောက်ပွဲကော်မရှင် အဖွဲ့ခွဲအတွင်းရေးမှူး ဒေါ်နှင်းနှင်းက မဲရုံမှူး၊ ဒုတိယမဲရုံမှူး သင်တန်းဖွင့်လှစ်မည့် ကိစ္စရပ်များအကြောင်းနှင့် မြို့နယ်ရွေးကောက်ပွဲ ကော်မရှင် အဖွဲ့ခွဲအဖွဲ့ဝင်များကို မြို့နယ်ရွေးကောက်ပွဲကော်မရှင် အဖွဲ့ခွဲရုံး၌ တာဝန်ခွဲဝေ ချထားမည့်အကြောင်းများကို ရှင်းလင်းဆွေးနွေးသည်။
ထို့နောက် တက်ရောက်လာသည့် မြို့နယ်ရွေးကောက် ပွဲကော်မရှင်အဖွဲ့ခွဲ အဖွဲ့ဝင်များက ဝိုင်းဝန်းအကြံပြု ဆွေးနွေးကြပြီး ကော်မရှင်ဥက္ကဋ္ဌက နိဂုံးချုပ်အမှာစကား ပြောကြားကာ အစည်းအဝေးကို ရုပ်သိမ်းခဲ့သည်။
အဆိုပါ အစည်းအဝေးသို့ အောင်မြေသာစံမြို့နယ် ရွေးကောက်ပွဲကော်မရှင် အဖွဲ့ခွဲဥက္ကဋ္ဌ၊ အတွင်းရေးမှူးနှင့် ကော်မရှင်အဖွဲ့ဝင်များအားလုံး တက်ရောက်ခဲ့ကြောင်း သိရသည်။
ဇော်လင်းဦး (အောင်စံ)