ဟိုမိန်း အောက်တိုဘာ ၁၄
ရှမ်းပြည်နယ်(တောင်ပိုင်း)၊ လင်းခေးခရိုင်၊ ဟိုမိန်းမြို့တွင် ကိုဗစ်-၁၉ ရောဂါ ကြိုတင်ကာကွယ် နိုင်ရေးအတွက် အသိပညာပေးပိုစတာများကပ်ခြင်းနှင့် လှည့်လည်ဆော်ဩခြင်း လုပ်ငန်းများကို ပြည်သူများကျယ်ကျယ်ပြန့်ပြန့် သိရှိစေရန်ရည်ရွယ်၍ ဟိုမိန်းကျေးလက်ကျန်းမာရေးဦးစီးဌာနမှ အမျိုးသမီးကျန်းမာရေးဆရာမ ဒေါ်နန်းလှဝင်း ဦးဆောင်၍ ကျန်းမာရေးဝန်ထမ်းများ၊ စေတနာ့ဝန်ထမ်းများနှင့် ရပ်ကွက်၊ ကျေးရွာအုပ်စုစာရေးများပါဝင်သော အဖွဲ့သည် ဟိုမိန်းမြို့ပေါ် (၃)ရပ်ကွက်တွင် ယမန်နေ့က ကွင်းဆင်းဆောင်ရွက်ခဲ့ကြောင်း သိရသည်။
အဆိုပါ အသိပညာပေးပိုစတာတွင် နှာစေး၊ချောင်းဆိုးနေတဲ့သူတွေနဲ့ ခပ်ဝေးဝေးနေပါ၊ အစာမစားခင်တိုင်း၊ အညစ်အကြေးတွေ ကိုင်ပြီးတိုင်း၊ အိမ်သာတက်ပြီးတိုင်း၊ တိရစ္ဆာန်တွေကိုင် ပြီးတိုင်း လက်ကို မကြာခဏ စနစ်တကျဆေးကြောပါ၊ နှာချေ၊ ချောင်းဆိုးတဲ့အခါတိုင်း နှာခေါင်းနဲ့ ပါးစပ်ကို တစ်ရှူးနဲ့ လုံအောင်ဖုံးပါ၊ ကိုယ်ခံအားကောင်းရင် ရောဂါပိုးတွေကို ပိုမိုခုခံနိုင်လို့ အာဟာရပြည့်ဝဖို့ အစာအုပ်စုစုံအောင် စားပါ၊ ကောင်းစွာ အိပ်စက်အနားယူပါ၊ လက်မဆေးဘဲ မျက်စိ၊ နှာခေါင်း၊ ပါးစပ်ကို မကိုင်ပါနဲ့၊ လူထူထပ်သောနေရာတွေကို တတ်နိုင်သမျှ မသွားပါနဲ့၊ ကာကွယ်ဆေးထိုး စုရပ်သို့လာရောက်သော ကလေးမိဘ အုပ်ထိန်းသူများ လိုက်နာရန် နေအိမ်မှ ထွက်ခွာစဉ်ကတည်းက မိဘ/အုပ်ထိန်းသူတို့သည် ပါးစပ်နှင့် နှာခေါင်းစည်း တပ်ဆင်ရပါမည်၊ ကလေးများကို အသက်ရှူမကြပ်စေရန် ဂရုပြု၍ ကလေးမျက်နှာကာ (သို့မဟုတ်) ပုဝါ/အနှီး အုပ်လာရပါမည် စသည့် အကြောင်းအရာများပါသည့် အသိပညာပေးပိုစတာများကပ်ခြင်းနှင့် ကျန်းမာရေးနှင့်အားကစားဝန်ကြီး ဌာနမှ ထုတ်ပြန်ထားသည့် ညွှန်ကြားချက်များအား Hand Speaker ဖြင့် လှည့်လည်ဆော်ဩခဲ့ကြောင်း သိရသည်။
ရဲနောင်ထွန်း(ပြန်/ဆက်)