မအူပင်မြို့ အ.ထ.က (၁) ၏ နှစ် (၁၂၀) ပြည့် အထိမ်းအမှတ် အခမ်းအနား ကျင်းပ

မအူပင် ဇန်နဝါရီ ၄

ဧရာဝတီတိုင်းဒေသကြီး၊ မအူပင်ခရိုင်၊ မအူပင်မြို့နယ်တွင် အမှတ် (၁) အခြေခံပညာ အထက်တန်းကျောင်း( ယခင် ဟိုက်စကူးကျောင်း) ၏ နှစ် (၁၂၀) ပြည့် အထိမ်းအမှတ် အခမ်းအနားကို ယနေ့  နံနက် ၁၀ နာရီက အဆိုပါကျောင်းရှိ မြတ်ပညာခန်းမ၌ ကျင်းပ ပြုလုပ်ခဲ့ရာ အ.ထ.က (၁) ကျောင်းမှ နဝမတန်း ကျောင်းသား၊ ကျောင်းသူများက မြန်မာ့ ကျောင်းသီချင်းဖြင့် သီဆို၍ အခမ်းအနားအား ဖွင့်လှစ်ပေးခဲ့သည်။

ထို့နောက် သီရိပျံချီ ဦးသိန်းညွန့် (ပြည်ထောင်စုဝန်ကြီး- ငြိမ်း)၊ ဒေါက်တာသန့်အောင် (ပြည်ထောင်စုဝန်ကြီး- ငြိမ်း) နှင့် ခရိုင်ပညာရေးမှူး ဦးအောင်ဇေယျတို့က မုဒိတာစကားပြောကြားခဲ့ကြပြီး အခမ်းအနားကျင်းပရေးကော်မတီ ဥက္ကဋ္ဌ ဦးသိန်းထွန်းက ကျေးဇူးတင်စကားပြန်လည် ပြောကြားခဲ့သည်။

ဆက်လက်၍ နှစ် (၁၂၀) ပြည့် စာစီစာကုံး ပြိုင်ပွဲတွင် ဆုရရှိသော ကျောင်းသား၊ ကျောင်းသူများအား ဆုချီးမြှင့်ခြင်းနှင့် နှစ် (၁၂၀) ပြည့် အထိမ်းအမှတ် ကျင်းပရန် ပါဝင်လှူဒါန်းကြသည့် အလှူရှင်များအား တာဝန်ရှိသူများက ဂုဏ်ပြု မှတ်တမ်းလွှာများ ပေးအပ်ခဲ့ကြသည်။

အဆိုပါ အခမ်းအနားကို သီရိပျံချီ ဦးသိန်းညွန့် (ပြည်ထောင်စုဝန်ကြီး- ငြိမ်း)၊ ဒေါက်တာသန့်အောင် (ပြည်ထောင်စု ဝန်ကြီး-ငြိမ်း)၊ မအူပင်မြို့နယ် အမျိုးသားလွှတ်တော် ကိုယ်စားလှယ် ဒေါ်အိအိပြုံး၊ ခရိုင်ပညာရေးမှူး ဦးအောင်ဇေယျ ၊ ဌာနဆိုင်ရာ အကြီးအကဲများနှင့် ဖိတ်ကြားထားသူများ တက်ရောက်ခဲ့ကြောင်း သိရသည်။

အောင်ခိုင် (မအူပင်)၊ ဝဠာနိုင် (ညောင်တုန်း)