ဖားကန့် ဇန်နဝါရီ ၅
ကချင်ပြည်နယ်၊ ဖားကန့်မြို့၊ ငှက်ပျောတောရပ်ကွက်၌ ဖားကန့်အလင်းတန်းစာကြည့်တိုက်နှင့် လူငယ်စင်တာအား ယမန်နေ့နံနက်(၉)နာရီတွင် ပြည်သူ့လွှတ်တော်ကိုယ်စားလှယ် ဦးတင့်စိုး၊ မြို့နယ်အုပ်ချုပ်ရေးမှူး ဦးဉာဏ်လင်းအောင်၊ မြို့နယ်ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန၊ မြို့နယ်ဦးစီးမှူး ဦးမြတ်ကိုကိုဦး၊ မြို့နယ်ပညာရေးမှူး ဒေါ်နီလာဆွေ၊ စာရေးဆရာ နေဝင်းမြင့်နှင့် စာကြည့်တိုက်ကော်မတီအဖွဲ့ဝင်များ၊ စာကြည့်တိုက်ဖြစ်မြောက်ရေးအလှူရှင်များက ဖဲကြိုးဖြတ် ဖွင့်လှစ်ပေးခဲ့ကြသည်။
ဖားကန့်အလင်းတန်းစာကြည့်တိုက်တွင် စာအုပ်ပေါင်း(၆၀၀၀) ကျော်ရှိကာ စာရေးဆရာများ၏ နာမည်အလိုက်စာအုပ်များအား စီစဉ်ထားရှိပြီး စာငှားသူတစ်ဦးအနေဖြင့် တစ်ပတ်လျှင်(၂) အုပ် ငှားရမ်းနိုင်ကြောင်း အဆိုပါစာကြည့်တိုက်မှူး မနိုနိုထက်ခိုင်ထံမှ သိရသည်။
“စာအုပ်ငှားဖို့ ကတ်၊ ပတ်ပို့စ်ပုံကအစ အကုန်အခမဲ့ဆောင်ရွက်ပေးပါတယ်၊ စာအုပ်ငှားတဲ့သူက တစ်ရက်ကို ပျှမ်းမျှ(၅၀)ဦးလောက် ရှိပါတယ်”ဟု သူမက ပြောသည်။
စာကြည့်တိုက်အား ဖွင့်ပွဲမကျင်းပမီ ၂၀၁၉ ခုနှစ်၊ နှစ်ဝက်ခန့်မှစတင်ကာ စာအုပ်များ ငှားရမ်းပေးခြင်း၊ အပတ်စဉ်သောကြာနေ့တိုင်း လူငယ်စကားဝိုင်းများ ဆောင်ရွက်ခြင်း၊ ပြန်/ဆက် ဦးစီးဌာနနှင့်ပူးပေါင်းကာ ပြည်သူ့စကားဝိုင်းများ ဆောင်ရွက်ခြင်း၊ ပန်းချီသင်တန်းများ အခမဲ့ဖွင့်လှစ်ခြင်း၊ စွန့်ပစ်အမှိုက်နှင့်ပတ်သက်သော အသိပညာပေးရက်တို သင်တန်းများ ဖွင့်လှစ်ခြင်းတို့ ဆောင်ရွက်ခဲ့ကြောင်း သိရသည်။
ဖားကန့်အလင်းတန်းစာကြည့်တိုက်နှင့်လူငယ်စင်တာ ဥက္ကဋ္ဌဦးသိန်းတန်က “ကျွန်တော်တို့ လူငယ်တွေကို အဓိကဦးတည်ပြီး စာကြည့်တိုက်ကိုလာဖို့၊ စာဖတ်ဖို့ တိုက်တွန်း ဆောင်ရွက်ပါတယ်၊ ဖားကန့်မှာက မူးယစ်ဆေးဝါးက လွယ်လင့်တကူရနေတာ၊ လူငယ်တွေကို ပျက်စီးမဲ့လမ်းကြောင်းထဲ မရောက်စေချင်ဘူး၊ လူငယ်တွေက ကျွန်တော်တို့ အနာဂတ် တွေပါ”ဟု ပြောသည်။
စာကြည့်တိုက်ဖွင့်ပွဲအထိမ်းအမှတ်အဖြစ် အဆိုပါစာကြည့်တိုက်ရှေ့လမ်းအတွင်း စာအုပ်ဈေး ရောင်းပွဲတော်ကို ကျင်းပခြင်းအားလည်းကောင်း၊ စာရေးဆရာ နေဝင်းမြင့်နှင့် (၈၈)မျိုးဆက် ကျောင်းသားဟောင်း ဦးမင်းကိုနိုင်တို့က မြို့နယ်တွင်းလှည့်လှည်ကာ စာပေဟောပြောပွဲများကို လည်းကောင်း၊ ဇန်နဝါရီ (၃)ရက်နေ့မှ (၆)ရက်နေ့အထိ (၄)ရက်ကြာ ကျင်းပဆောင်ရွက် သွား မည်ဖြစ်ကြောင်း သိရသည်။
အဆိုပါ စာကြည့်တိုက်အား အလှူရှင်(၁၁)ဦးမှ မ,တည်ကာ ငွေကျပ်သိန်းတစ်ထောင်ကျော် အကုန်အကျခံ တည်ထောင်ထားခြင်းဖြစ်ကြောင်း သိရသည်။
တာလင်းမောင်(ပြန်/ဆက်)