ဖားကန့်မြို့နယ် လုံးခင်းနယ်မြေ ရဲစခန်းအား အသွားအလာကန့်သတ်ထားရှိဆောင်ရွက်

ဖားကန့် အောက်တိုဘာ

ကချင်ပြည်နယ်၊ ဖားကန့်မြို့နယ်၊ လုံးခင်းနယ်မြေရဲစခန်းမှ နယ်ထိန်းခေါင်းဆောင် ဒုရဲအုပ်တစ်ဦးသည် မန္တလေး ရဲသင်တန်းကျောင်းမှ နယ်ထိန်းသင်တန်းဆင်းပြန်လာပြီး ဓါတ်ခွဲစစ်ဆေးချက် အဖြေရယူမှုတွင် အောက်တိုဘာ ၁၃ ရက် ထုတ်ပြန်ချက် အဖြေအရ ကိုဗစ်-၁၉ရောဂါပိုး တွေ့ခဲ့ရပြီးနောက် လုံးခင်းနယ်မြေ ရဲစခန်းကို အသွားအလာ ကန့်သတ် ထားလိုက်ကြောင်း သိရသည်။

"သူက မန္တလေးရဲသင်တန်းကျောင်းမှာ နယ်ထိန်းသင်တန်း ရှစ်ပတ်တက်ခဲ့ပြီးပြန်လာတာ၊ ပြန်ရောက်တာက အောက်တိုဘာ ၃ ရက်နေ့၊ ၄ ရက်နေ့မှာ သူ့Swab ယူတာ၊ မနေ့ကတည်းက အောက်တိုဘာ ၁၂ ရက်ထဲက အဖြေသိရတော့ ပိုးတွေ့တာပေါ့၊ ရောက်ကတည်းက Home Quarantine ထားပါတယ်၊ လက်ရှိတော့ ကျန်းမာရေးဌာနက ကျွန်တော်တို့ တပ်ဖွဲ့ဝင်တွေ အပြင်လုံးဝမထွက်ဖို့ ညွှန်ကြားထားပါတယ်၊ ကျွန်တော်တို့ ဘာဆက်လုပ်ရမလဲဆိုတာတော့ အထက်ကိုတင်ပြထားဆဲပဲရှိပါသေးတယ်၊ အမှုလာ တိုင်တဲ့သူကလည်း လာတိုင် နေကြတာ "ဟု လုံးခင်းနယ်မြေရဲစခန်းမှ စခန်းမှူး ဒုရဲမှူး ဟန်မွှေးက ပြောသည်။

လုံးခင်းနယ်မြေရဲစခန်းတွင် အရာရှိ(၅)ဦး၊ အခြားအဆင့် ရဲတပ်ဖွဲ့ဝင် (၁၇)ဦးနှင့် ၎င်းတို့၏ မိသားစုဝင်များ နေထိုင်ကြပြီး လက်ရှိ လုံးခင်း(လယ်ပြင်)စစ်ဆေးရေးဂိတ်တွင် အရာရှိ(၁)ဦးနှင့် ရဲတပ်ဖွဲ့ဝင်(၄)ဦးတို့မှာ အောက်တိုဘာ ၁ ရက်နေ့မှစတင်ပြီး လုံခြုံရေးတာဝန် ထမ်းဆောင်နေကြောင်း သိရသည်။

စခန်းမှူးက "အောက်တိုဘာလ ၁ ရက်ထဲက အပြင်ရောက်နေတဲ့ ကျွန်တော့်တပ်ဖွဲ့ဝင် တွေကိုတော့ စခန်းပြန်မလာဖို့ လှမ်းမှာထားပါတယ်၊ ခုလက်ရှိစခန်းမှာ အရာရှိ(၄)ဦးနဲ့ အခြားအဆင့်(၁၃)ဦး၊ နောက်ရဲမိသားစုဝင်တွေ ရှိပါတယ်"ဟု ပြောသည်။

ဖားကန့်မြို့နယ်၌ အောက်တိုဘာ ၁၂ ရက်နေ့က ကိုဗစ်-၁၉ ပိုးတွေ့သူ (၁)ဦး ရှိခဲ့ပြီး ဗလခ ကျေးရွာမှ ကိုဗစ်-၁၉ သံသယဖြင့် ဖားကန့်ဆေးရုံကြီးတွင် ဆေးကုသမှုပေးနေသူ (၁)ဦးဖြစ်ကာ ယနေ့တွင် (၆)ဦး ထပ်မံတွေ့ရကြောင်း ကချင်ပြည်နယ် ကျန်းမာရေး ဦးစီးဌာနက အောက်တိုဘာ ၁၃ ရက်နေ့ ညနေ ၅ နာရီတွင် ထုတ်ပြန်ထားသည်။

ထုတ်ပြန်ချက်အရ ယနေ့(၆)ဦးတွင် တောင်ပြိုကျေးရွာမှ (၃)ဦး၊ အိုးအိမ်ဝန်ထမ်းအိမ်ရာ အသွားအလာ ကန့်သတ်စောင့်ကြည့်ရေးစင်တာမှ (၂)ဦးနှင့် လုံးခင်းနယ်မြေရဲစခန်းမှ နေအိမ်၌ အသွားအလာကန့်သတ် ထားသည့် နယ်ထိန်းခေါင်းဆောင် ဒုရဲအုပ်(၁)ဦးတို့ ဖြစ်ကြောင်း  မြို့နယ်ကျန်းမာရေးဦးစီးဌာနမှူး ဒေါက်တာ မင်းလွင်ထံမှ သိရသည်။

ယနေ့ အောက်တိုဘာ ၁၃ ရက်နေ့အထိ ဖားကန့်မြို့နယ်တွင် ကိုဗစ်-၁၉ ပိုးတွေ့သူ (၅၃)ဦးထိရှိပြီဖြစ်ပြီး၊ (၄၅)ဦး ဆေးရုံမှဆင်းပြီး အိမ်ပြန်ခွင့် ရခဲ့သည့်အတွက်(၈)ဦးသာ ဖားကန့်ဆေးရုံကြီးနှင့် သီတဂူစက္ခုဒါန ဆေးရုံ၌ ဆေးကုသမှု ပေးနေကြောင်း ပြည်နယ်ကျန်းမာရေး ဦးစီးဌာနက ထုတ်ပြန်ထားသည်။

တာလင်းမောင်(ပြန်/ဆက်)