ပူတာအို၌ (၇၂)နှစ်မြောက်လွတ်လပ်ရေးနေ့အထိမ်းအမှတ် အခြေခံပညာကျောင်းပေါင်းစုံ ကိုယ်ကာယကြံ့ခိုင်မှုနှင့် Fitness Dance ယှဉ်ပြိုင်ပွဲ ကျင်းပ

ပူတာအို ဇန်နဝါရီ ၅

ကချင်ပြည်နယ်၊ ပူတာအိုမြို့တွင် မြန်မာနိုင်ငံ ရဝမ်စာပေနှင့် ယဉ်ကျေးမှုအသင်းက ကြီးမှူးကျင်းပသော ရဝမ်စာပေနှင့် ယဉ်ကျေးမှုအသင်းဥက္ကဋ္ဌဖလား အခြေခံပညာကျောင်းပေါင်းစုံ ကိုယ်ကာယကြံ့ခိုင်မှုနှင့် Fitness Dance ပြိုင်ပွဲကို ယမန်နေ့ နံနက် ၉ နာရီက ပူတာအိုမြို့ ဒုတ္ထန်ရပ်ကွက် ရဝမ်အမျိုးသားဥယျာဉ် ခါကာဘိုရာဇီခန်းမ၌ ကျင်းပခဲ့သည်။

အခမ်းအနားတွင် မြန်မာနိုင်ငံ ရဝမ်စာပေနှင့်ယဉ်ကျေးမှုအသင်း ဥက္ကဋ္ဌ ဦးမယစ်ယောရှုက အဖွင့်အမှာစကားပြောကြားပြီး သိက္ခာတော်ရ ဆရာတော် မဘုခင်ရမ်က အခြေခံပညာ ကျောင်းပေါင်းစုံ ကိုယ်ကာယကြံ့ခိုင်မှုနှင့် Fitness Dance ပြိုင်ပွဲဖြစ်မြောက်ရေးအတွက် ဒေသဖွံ့ဖြိုးရေးကို ရှေးရှုလျက် ဝိုင်းဝန်းပံ့ပိုးကူညီကြသော အလှူရှင်များအတွက် အထူး ကောင်းချီးပေး ဆုတောင်းသည်။

ပြိုင်ပွဲတွင် အခြေခံအေရိုးဗစ် စနစ်သစ်ကကွက် (၄၅) မျိုး၊ အခြေခံအေရိုးဗစ်စနစ်သစ်ကကွက် (၅၃)မျိုးနှင့် Fitness Dance အကသုံးမျိုးဖြင့် အခြေခံပညာကျောင်းများမှ ပြိုင်ပွဲဝင်အသင်းပေါင်း (၆) သင်းနှင့် ပြိုင်ပွဲဝင် ကစားသမား(၁၂၀) ဦး ပါဝင်ယှဉ်ပြိုင်ခဲ့ကြပြီး မွန်းလွဲ(၂) နာရီတွင် ပြိုင်ပွဲဆုရအသင်းများအား ဆုများပေးအပ်ချီးမြှင့်သွားမည်ဖြစ်ကြောင်း သိရသည်။

အဆိုပါပြိုင်ပွဲတွင် ဆုရရှိသည့်အသင်းများအား ပထမဆုကို တံခွန်စိုက်ဆုဖလား၊ ဆုငွေကျပ်တစ်သိန်းနှင့် တစ်ဦးချင်း ရွှေတံဆိပ်ဆွဲပြား၊ ဒုတိယဆုကို ဆုငွေကျပ် ခုနှစ်သောင်းနှင့် တစ်ဦးချင်း ငွေတံဆိပ်ဆွဲပြား၊ တတိယဆုကို ဆုငွေကျပ် ငါးသောင်းနှင့် တစ်ဦးချင်းကြေးတံဆိပ်ဆွဲပြားတို့ကို ချီးမြှင့်သွားမည်ဖြစ်ကြောင်း ပြိုင်ပွဲကျင်းပရေး ကော်မတီထံမှ သိရသည်။

ဖုန်ကန်(ပူတာအို)