(၁၃)ကြိမ်မြောက်အာစရိယပူဇော်ပွဲကျင်းပပြုလုပ်

မြင်းခြံ    ဇန်နဝါရီ   ၅

မန္တလေးတိုင်းဒေသကြီး၊ မြင်းခြံမြို့ အမှတ်(၄) အခြေခံပညာအထက်တန်းကျောင်းတွင် (၁၃) ကြိမ်မြောက် အာစရိယပူဇော်ပွဲကို ကျောင်းဝန်းအတွင်း ယမန်နေ့ မွန်းလွဲ(၁)နာရီက ကျင်းပ ပြုလုပ်ခဲ့ကြောင်း သိရှိရသည်။

အာစရိယပူဇော်ပွဲကျင်းပသည့် အမှတ်(၄) အခြေခံပညာအထက်တန်းကျောင်းသည် ယခင် အမှတ်(၁) အလယ်တန်းကျောင်းမှ အဆင့်တိုးပြီး အထက်တန်းကျောင်းအဖြစ် ဖွင့်လှစ်ခွင့် ရခဲ့ခြင်း ဖြစ်သည်။

ကျောင်းသား/ကျောင်းသူဟောင်းများအနေဖြင့် မိမိတို့ကိုပညာသင်ကြားပေးခဲ့ကြသော ဆရာ/ဆရာများကို တစ်နှစ်တစ်ခါ ပူဇော်ကန်တော့လာသည်မှာ (၁၃)ကြိမ်မြောက်ရှိပြီဖြစ်သည်။

ရှေးဦးစွာ ဆရာကန်တော့ပွဲကို "နမောတဿ" သုံးကြိမ်ရွတ်ဆိုဖွင့်လှစ်ခဲ့ပြီး လက်ရှိကျောင်းအုပ်ဆရာမကြီး ဒေါက်တာတင်တင်အေးက နှုတ်ခွန်းဆက်စကားပြောကြားခဲ့သည်။ ဆက်လက်၍ ကျောင်းသားဟောင်း ကိုဖုန်းနိုင်က ဆရာကန်တော့ပွဲဖြစ်မြောက်အောင် ဆောင်ရွက်မှုများကို ရှင်းလင်းတင်ပြခဲ့ပြီး ကျောင်းသူဟောင်း ဒေါက်တာရတနာအောင်က ကျောင်းသား/ ကျောင်းသူများကိုယ်စား ကျေးဇူးတင်စကားပြောကြားခဲ့သည်။

ထို့နောက် ကန်တော့ပွဲတက်ရောက်လာသည့် ဆရာ/ဆရာမများကို ဝတ္ထုငွေသားနှင့် ပစ္စည်းများကို ပေးအပ်ကာ ရိုသေစွာကန်တော့ခဲ့ကြကြောင်း သိရှိရသည်။

အဆိုပါ (၁၃) ကြိမ်မြောက် အာစရိယပူဇော်ပွဲတွင် ကန်တော့ခံ ဆရာကြီး/ဆရာမကြီး (၁၁၃) ဦးရှိပြီး ဆရာကြီး/ဆရာမကြီးများအား ဝတ္ထုငွေစုစုပေါင်း ကျပ်သိန်းတစ်ရာ့ရှစ်ဆယ်တိတိ (၁၈,၀၀၀,၀၀၀)ကို ပူဇော်ကန်တော့နိုင်ခဲ့ကြောင်း သိရှိရသည်။

ဇော်မင်းနိုင်(မြင်းခြံ)