မိတ္ထိလာ ဇန်နဝါရီ ၅
မြန်မာနိုင်ငံမြင်းစီးအားကစားအဖွဲ့ချုပ်၏ ဦးဆောင်မှုဖြင့် ခရိုင်မြင်းစီးအားကစားအသင်းက ကြီးမှူးကျင်းပသည့် (၇၂) နှစ်မြောက် လွတ်လပ်ရေးနေ့ အထိမ်းအမှတ် မြန်မာ့ရိုးရာ မြင်းစီး အားကစားပြိုင်ပွဲ ဗိုလ်လုပွဲနှင့် ဆုချီးမြှင့်ပွဲအခမ်းအနားကို မိတ္ထီလာမြို့နယ် မကျီးချောက်ကျေးရွာတွင် ယမန်နေ့ နေ့လယ် ၂ နာရီက ကျင်းပခဲ့ကြောင်း သိရသည်။
(၇၂)နှစ်မြောက် လွတ်လပ်ရေးနေ့အထိမ်းအမှတ် မြန်မာ့ရိုးရာမြင်းစီးအားကစားပြိုင်ပွဲတွင် ထည့်သွင်းကျင်းပသည့် မြန်မာခြေ(အသားကျ)၊ မြင်းဒုံး(အကြီးတန်း)၊ မြင်းဒုံး (အငယ်တန်း) ပြိုင်ပွဲများတွင် ဗိုလ်လုပွဲနှင့် တတိယလုပွဲများကို ဆက်လက်ကျင်းပခဲ့ပြီး မြင်းစီး အားကစားပြိုင်ပွဲတွင် ဆုရရှိသည့် ပြိုင်ပွဲဝင် မြင်းစီးအားကစားသမားများကို မြန်မာနိုင်ငံ မြင်းစီးအားကစား ကော်မတီဥက္ကဋ္ဌ ဦးဇော်လွင်ဦး၊ မိတ္ထီလာခရိုင် မြင်းစီးအားကစားအသင်း ဥက္ကဋ္ဌ ဦးအောင်မြတ်ထွန်းနှင့် တာဝန်ရှိသူများက ပြိုင်ပွဲအလိုက်ဆုများ အသီးသီးပေးအပ် ခဲ့သည်။
၎င်းနောက် အထူးပြိုင်ပွဲအနေဖြင့် ပြိုင်ပွဲဝင် မြင်းစီးအားကစားတစ်ဦးမှ မြင်းနှစ်ကောင်စီး၍ လက်ဆင့်ကမ်းပြိုင်ပွဲကို ယှဉ်ပြိုင်စေပြီး ဆုရရှိသူအား အမှတ်တရ လက်ဆောင်ပေး အပ်ခဲ့သည်။ ယင်းနောက် ပြိုင်ပွဲဝင် မြင်းစီးအားကစားသမားများက အမြင့်တန်းခုန်ကျော်ခြင်း၊ မြင်းအလှပြ စီးနင်းခြင်းများဖြင့် သရုပ်ပြသဖျော်ဖြေခဲ့ကြကြောင်း သိရသည်။
"(၇၂)နှစ်မြောက် လွတ်လပ်ရေးနေ့ အထိမ်းအမှတ်ကျင်းပသည့် မြန်မာ့ရိုးရာ မြင်းစီးအားကစားပြိုင်ပွဲမှာဆိုရင် ဒီနေ့က လွတ်လပ်ရေးနေ့ဖြစ်သည့်အတွက် နေ့ထူးနေ့မြတ်လည်းဖြစ်တယ်၊ သမိုင်းအစဉ်အလာကြီးမားသည့် မိတ္ထီလာခရိုင်မှာ ခရိုင်အဆင့် ပထမအကြိမ်လာရောက် ပြုလုပ်ရသည့်အတွက် အထူးပဲဝမ်းမြောက်ဂုဏ်ယူပါတယ်၊ မြင်းစီးအားကစားပွဲများမှာဆိုရင် အနယ်နယ်အရပ်ရပ်မှာ ရှိပါတယ်၊ နှစ်စဉ် ကျင်းပနေပါတယ်၊ ယခင်လမှ စတင်၍ မြန်မာနိုင်ငံ မြင်းစီးအားကစားကော်မတီလက်အောက် ခရိုင်အဆင့်အဖြစ် မိတ္ထီလာခရိုင်ကို စတင်ဖွဲ့စည်း ခဲ့ပါတယ်၊ နောက်နှစ်တွေမှာလည်း ဒီထက်ပြိုင်ပွဲများစွာကို ထည့်သွင်းယှဉ်ပြိုင်နိုင်စေဖို့ ကြိုးစားဆောင်ရွက်သွားမည်ဖြစ်ပါတယ်" ဟု မြန်မာနိုင်ငံ မြင်းစီးအားကစားအဖွဲ့ချုပ် ကော်မတီ အတွင်းရေးမှူး ဦးထင်ကျော်က ပြောကြားခဲ့သည်။
၎င်းအပြင် မြန်မာ့ရိုးရာ မြင်းစီးအားကစားပြိုင်ပွဲတွင် မြန်မာခြေ (အသားကျ) ပြိုင်ပွဲတွင် ပထမဆုရရှိသည့် ပျော်ဘွယ်မြို့နယ်မှ ဦးသက်ဝေကလည်း ယခုပြိုင်ပွဲမှ စတင်၍ ဝင်ရောက် ယှဉ်ပြိုင်ခဲ့ပါကြောင်း၊ ပထမဆုံးပါဝင်ယှဉ်ပြိုင်သည့် ပြိုင်ပွဲတွင် ပထမဆုရရှိသည့်အတွက် အင်မတန်ဝမ်းသာ ပျော်ရွှင်လျက်ရှိကြောင်း၊ မိတ္ထီလာခရိုင်မှာ မြန်မာ့ရိုးရာ မြင်းစီးအားကစား ပြိုင်ပွဲ ကျင်းပသွားမည်အကြောင်း သိရှိရသည့်အတွက် ဝင်ရောက်ယှဉ်ပြိုင်နိုင်စေရန် နေ့စဉ် (၄) မိုင်မှ (၅)မိုင်အထိ လေ့ကျင့်ပြီးပြိုင်ပွဲကို ဝင်ရောက်ယှဉ်ပြိုင်ခဲ့ခြင်းဖြစ်ပါကြောင်း ၊ နောင်ကျင်းပသွားမည့် မြင်းစီးအားကစားပွဲများတွင်လည်း ဝင်ရောက်ယှဉ်ပြိုင်သွားမည်ဖြစ်ကြောင်း ပြောကြားခဲ့သည်။
အဆိုပါ မြန်မာ့ရိုးရာ မြင်းစီးအားကစားပြိုင်ပွဲတွင် မြန်မာခြေ(အသားကျ)၊ မြင်းဒုံး (အကြီးတန်း)၊ မြင်းဒုံး (အငယ်တန်း)အဖြစ် ပြိုင်ပွဲအမျိုးအစားသုံးမျိုးခွဲခြား၍ ဇန်နဝါရီလ ၂ ရက်နေ့မှ ၄ ရက်နေ့အထိ စည်ကား သိုက်မြိုက်စွာ ကျင်းပခဲ့ကြောင်း သိရသည်။
သိန်းမြင့်ကျော်(ပြန်ဆက်)