မံစီ အောက်တိုဘာ ၁၄
၂၀၂၀ ပြည့်နှစ် နိုဝင်ဘာလ ၈ ရက်နေ့တွင် ကျင်းပမည့် ပါတီစုံဒီမိုကရေစီ အထွေထွေ ရွေးကောက်ပွဲ၌ ကချင်ပြည်နယ် ဗန်းမော်ခရိုင် မံစီမြို့နယ်အတွင်းရှိ မဲရုံများ၌ တာဝန်ထမ်းဆောင်မည့် အထူးရဲများကို ယနေ့ နံနက်ပိုင်းက ကိုဗစ်-၁၉ ရောဂါပိုး ရှိ/မရှိ စစ်ဆေးခဲ့သည်။
စစ်ဆေးမှုများကို မံစီမြို့မရဲစခန်း၌ ပြုလုပ်ခဲ့ပြီး Aantigen Rapid Diagnostic Tesk Kit ဖြင့်စစ်ဆေးခဲ့ရာ အထူးရဲအားလုံးတွင် ကိုဗစ်-၁၉ရောဂါပိုးမတွေ့ရကြောင်း မြို့နယ်ပြည်သူ့ ကျန်းမာရေး ဦးစီးဌာနမှ သိရသည်။
မံစီမြို့နယ်အတွင်း တာဝန်ထမ်းဆောင်မည့် အထူးရဲစုစုပေါင်း ၃၀ ဦးရှိပြီး အထူးရဲများကို အောက်တိုဘာ ၁ ရက်နေ့ကစတင်၍ သင်တန်းပို့ချ ပေးလျက်ရှိနေပြီး အောက်တိုဘာ ၂၈ ရက်နေ့အထိ ဆက်လက်ပို့ချ သွားမည်ဖြစ်ကြောင်း၊ မြို့နယ်အတွင်း ရပ်ကွက် (၄)ရပ်ကွက်နှင့် ကျေးရွာအုပ်စု (၁၈)အုပ်စုအတွင်း မဲရုံ(၃၉)ရုံထားရှိ သွားမည်ဖြစ်ပြီး ဆန္ဒမဲပေးပိုင်ခွင့်ရှိသူအခြေခံ မဲဆန္ဒရှင်ဦးရေ (၄၀၇၉၆)ဦးခန့်ရှိကြောင်း မြို့နယ်ရွေးကောက်ပွဲ ကော်မရှင်အဖွဲ့ခွဲရုံးမှ သိရသည်။
ရိန် (ပြန်/ဆက်)