မိုင်းလုံမြို့ လွယ်ဆာကျေးရွာတွင် ကိုဗစ်-၁၉ စီးပွားရေးကုစားမှုအစီအစဉ်အရ ထောက်ပံ့ငွေများပေးအပ်

မိုင်းလုံ    အောက်တိုဘာ     ၁၄

ရှမ်းပြည်နယ်(မြောက်ပိုင်း)၊ ကျောက်မဲခရိုင်၊ မိုင်းလုံမြို့ လွယ်ဆာကျေးရွာတွင် နိုင်ငံတော်မှ ကိုဗစ် -၁၉ ကာလ အတွင်း စီးပွားရေး ကုစားမှု အစီအစဉ်အရ  အသက်(၈၀) နှင့် (၈၅)အတွင်းရှိ သက်ကြီးဘိုးဘွားများ၊ ကိုယ်ဝန်ဆောင်မိခင်များနှင့် (၂)နှစ်အောက်ကလေးငယ်များအား ထောက်ပံ့ငွေများကို ယမန်နေ့ ညနေပိုင်းအချိန်တွင် သက်ဆိုင်ရာ တာဝန်ရှိသူများက အိမ်တိုင်ရာရောက် လိုက်လံပေးအပ်ခဲ့သည်။

အဆိုပါ ထောက်ပံ့ငွေပေးအပ်ရာတွင် ကိုဗစ်-၁၉ကာလအတွင်း မိုင်းလုံမြို့ လွယ်ဆာကျေးရွာရှိ အသက်(၈၀)နှစ်မှ (၈၅)နှစ် ရှိ သက်ကြီးရွယ်အို ဘိုးဘွား(၄)ဦးအား တစ်ဦးလျှင် (၃၀၀၀၀/-) ကျပ်နှုန်းဖြင့်လည်းကောင်း၊ ကိုယ်ဝန်ဆောင် မိခင်များနှင့် အသက်(၂)နှစ်အောက် ကလေးများ (၂၀၂၀ ပြည့်နှစ် ဧပြီလ တစ်ရက်နေ့မှစ၍ မွေးဖွားသောကလေး) အား  တစ်လလျှင် ငွေကျပ်(၁၅၀၀၀/-) နှုန်းဖြင့်လည်းကောင်း ထောက်ပံ့ရာ ကိုယ်ဝန်ဆောင် (၁၀) ဦးနှင့် အသက် (၂)နှစ်အောက်ကလေး (၃) ဦးတို့ကို  အိမ်တိုင်ရာရောက်သွားရောက်၍ထောက်ပံ့ပေးခဲ့သည်။

ထိုသို့သွားရောက်ထောက်ပံ့ရာတွင် လွယ်ဆာအုပ်စု အုပ်ချုပ်ရေးမှူး ဦးလုံမောင်၊ လွယ်ဆာ ကျေးရွာအုပ်စုစာရေး၊ ရာအိမ်မှူး၊ ဆယ်အိမ်မှူးများနှင့် ရပ်မိရပ်ဖများက  နေထိုင်ရာ နေရာများအထိ အိမ်တိုင်ရာရောက် သွားရောက် ထောက်ပံ့ပေးအပ်ခဲ့ကြောင်း သိရသည်။

ဇော်ဇော်( ပြန်/ဆက်)