ကျောက်မဲ အောက်တိုဘာ ၁၄
ရှမ်းပြည်နယ်(မြောက်ပိုင်း)၊ ကျောက်မဲမြို့ပေါ်ရှိ စည်ပင်သာယာရေးဌာန၏ ကွပ်ကဲမှုအတွင်းရှိ ဗဟိုဈေး၊ မင်္ဂလာဈေးနှင့် ပျံကျဈေး ၂ ဈေး တို့တွင် ဈေးရောင်း/ဈေးဝယ်သူများ Mask တပ်ဆင်မှု ရှိ/မရှိကို စည်ပင်သာယာရေးဌာနမှ တာဝန်ရှိသူများက ယနေ့နံနက် ၁၀ နာရီ က လိုက်လံ စစ်ဆေးပြီး Mask တပ်ဆင်မှုမရှိသူ ၈၂ ဦးအား ဒဏ်ငွေရိုက် အရေးယူထားကြောင်း သိရသည်။
Mask တပ်ဆင်မှုမရှိသူ တစ်ဦးလျှင် ၂၀၀ ကျပ်နှုန်းဖြင့် ဒဏ်ရိုက်ခဲ့ပြီး ယနေ့ လူ ၈၂ ဦးထံမှ ရရှိခဲ့သည့် ဒဏ်ငွေပေါင်း ၁၆၄၀၀/- ကျပ်ကို မြို့နယ် ကိုဗစ်-၁၉ ရောဂါ ကာကွယ်ထိန်းချုပ်ရေး ကော်မတီသို့ ပေးသွင်းသွားမည်ဖြစ်ကြောင်း သိရသည်။
၎င်းကဲ့သို့စစ်ဆေးခြင်းကို ဈေးများအတွင်း အလျဉ်းသင့်သလို ဆက်လက်စစ်ဆေး သွားမည်ဖြစ်ပြီး ဈေးဝယ်သူ Mask မတပ်ပါက ဒဏ်ငွေ ၂၀၀ ကျပ် ဆောင်စေသည့်နည်းဖြင့် အရေးယူမည် ဖြစ်ကာ ဆိုင်ရောင်းသူများက Mask တပ်ဆင်မှုမရှိပါက ဆိုင်ရှင်အားဒဏ်ငွေ အပြင် ဆိုင်ကို ယာယီပိတ်စေသည့်နည်းဖြင့် အရေးယူသွားမည်ဖြစ်ကြောင်း မြို့နယ် စည်ပင် သာယာရေး ဌာန အမှုဆောင် အရာရှိ ဦးစိုးနိုင်ဦး၏ ပြောပြချက်အရ သိရသည်။
ကျောက်မဲမြို့နယ်အနေဖြင့် ဈေးပြင်ပနေရာများ၌ Mask တပ်ဆင်မှုမရှိဘဲ သွားလာနေသူများကို အရေးယူဆောင်ရွက်ခြင်း မရှိသေးကြောင်း သိရသည်။
မိုင်းထွန်း(ပြန်/ဆက်)