မြစ်ကြီးနား အောက်တိုဘာ ၁၄
၂၀၂၀ပြည့်နှစ် နိုဝင်ဘာ ၈ ရက်နေ့တွင် ကျင်းပပြုလုပ်သွားမည့် ပါတီစုံဒီမိုကရေစီအထွေထွေ ရွေးကောက်ပွဲတွင် မြစ်ကြီးနားမြို့နယ်အတွင်းရှိ မဲရုံ(၁၄၀)အတွက် လုံခြုံရေး တာဝန်ထမ်းဆောင်မည့် အထူးရဲ (၁၄၀)ဦးတို့တွင် ကိုဗစ်- ၁၉ ရောဂါပိုး မတွေ့ရှိကြောင်း မြို့နယ်ရဲတပ်ဖွဲ့မှူးထံမှ သိရသည်။
ကိုဗစ်-၁၉ရောဂါပိုး မတွေ့ရှိရကြောင်းနှင့် ပတ်သက်ပြီး မြစ်ကြီးနားမြို့နယ်ရဲတပ်ဖွဲ့မှူး ရဲမှူးမြင့်မိုးက “ မဲရုံလုံခြုံရေး အတွက် အထူးရဲတွေကို ယမန်နေ့က နံနက် ၉ နာရီခွဲကနေ နေ့လည် ၁၂ နာရီအထိ သင်တန်း နည်းပြအရာရှိ (၄)ဦး၊ သင်တန်းနည်းပြ (၅)ဦးနှင့် သင်တန်းသား (၁၄၀)ဦး စုစုပေါင်း (၁၄၉)ဦးတို့ကို မြို့နယ် ကျန်းမာရေး ဝန်ထမ်းတွေက ကိုဗစ်-၁၉ရောဂါပိုး ရှိ/မရှိ Antigen Rapid Test Kit ဖြင့် စစ်ဆေးခဲ့ရာမှာ အားလုံး Negative (ရောဂါပိုးမတွေ့ရှိ)ဖြစ်တယ်” ဟု အတည်ပြုပြောကြားသည်။
အဆိုပါ ရွေးကောက်ပွဲ အထူးရဲသင်တန်းသားများကို မဲရုံလုံခြုံရေး တာဝန်ထမ်းဆောင်ရန်အတွက် မြစ်ကြီးနားမြို့၊ အမှတ်(၅)အခြေခံပညာ အထက်တန်းကျောင်း၌ အောက်တိုဘာ (၁)ရက်မှစတင်၍ စခန်းသွင်း လေ့ကျင့်သင်ကြား ပေးလျက်ရှိရာ ကိုဗစ်-၁၉ရောဂါပိုး ရှိ/မရှိ စစ်ဆေးခြင်းကို မြို့နယ်ကျန်းမာရေး ဦးစီးဌာနမှူး ဒေါက်တာဖြိုးနန္ဒာဆွေ ဦးဆောင်၍ ကျန်းမာရေး ဝန်ထမ်းများက စစ်ဆေး ပေးခဲ့ခြင်း ဖြစ်သည်။
မျိုးမြင့်စိုး(ပြန်/ဆက်)