မင်းတပ်မြို့၌ ကိုဗစ်-၁၉ ရောဂါ ဖြစ်ပွားနေသည့်ကာလအတွင်း အခြေခံစားသောက် ကုန်စည်များ ပြတ်လပ်မှု မရှိစေရေး ကြပ်မတ်ဆောင်ရွက်

မင်းတပ်   အောက်တိုဘာ - ၁၄

ကိုဗစ်-၁၉ ရောဂါ ဖြစ်ပွားနေသည့် ကာလအတွင်း မင်းတပ်မြို့ရှိ စျေးဆိုင်များတွင် အခြေခံစားသောက် ကုန်စည်များ ပြတ်လပ်မှုမရှိစေရေးအတွက် မြို့နယ်စီမံခန့်ခွဲမှုကော်မတီမှ ကြပ်မတ်ဆောင်ရွက် လျက်ရှိကြောင်း သိရသည်။

မင်းတပ်မြို့နယ် စီမံခန့်ခွဲမှုကော်မတီဥက္ကဋ္ဌ  ဦးမင်းဧရာထိုက်က " အခြေခံစားသောက်ကုန် တွေဖြစ်တဲ့ ဟင်းသီးဟင်းရွက် နဲ့ သားငါးစားသောက်ကုန်တွေကို ဝယ်ယူရရှိနိုင်ရေးအတွက် ဆောင်ရွက်ထားတာရှိတယ်၊ ကျောက်ထုမြို့နယ် အတွင်းကနေ ထွက်ရှိတဲ့ အခြေခံစားသောက် ကုန်တွေကို ဖောက်သည်အဖြစ် သွားရောက် မှာယူသူတွေအနေနဲ့ ရေရှင်ကျေးရွာ အထိသွားရောက်ပြီး ဝယ်ယူလို့ရပါတယ်၊ ပခုက္ကူမြို့နဲ့ အခြားမြို့တွေ ကနေလာတဲ့ ကုန်တင်ယာဉ်မောင်းနဲ့ ယာဉ်နောက်လိုက်တွေကို ကျန်းမာရေးစစ်ဆေးမှု ခံယူစေပြီးမှ မြို့အတွင်းကို ဝင်ရောက်ဖြတ်သန်းခွင့်ပြုပါတယ် "ဟု ပြောကြားသည်။

မင်းတပ်မြို့နယ်တွင် လိုအပ်သည့် အခြေခံစားသောက်ကုန်နှင့် လူသုံးကုန်ပစ္စည်းများ ပြတ်လပ်မှု မရှိစေရေး အတွက် ကုန်တင်ယာဉ်မောင်းနှင့် ယာဉ်နောက်လိုက်များအား ကိုဗစ်-၁၉ ရောဂါ ရှိ/မရှိ RDT Test Kit ဖြင့်စစ်ဆေးခြင်းကို အောက်တိုဘာလ(၁၀)ရက်နေ့မှ စတင်ဆောင်ရွက်လျက်ရှိရာ ယနေ့အထိ ကုန်တင်ယာဉ် အစီး(၃၀)ကျော်အား ဝင်ရောက် ဖြတ်သန်းခွင့်ပြုကြောင်း သိရသည်။

ဆလိုင်းအောင်(ပြန်/ဆက်)