ဟိုင်းကြီးကျွန်း အောက်တိုဘာ ၁၄
ဆန်အခက်အခဲဖြစ်ပေါ်နေသော ဧရာဝတီတိုင်းဒေသကြီး ဟိုင်းကြီးကျွန်းမြို့ ဖောင်တိုးကျေးရွာအုပ်စု၊ ဟက်လက် ကျေးရွာရှိ အိမ်ထောင်စုများအတွက် လုပ်ငန်းရှင်များက စုပေါင်းလှူဒါန်းသည့် ဆန်အိတ် ၄၀ကို ယမန်နေ့ နံနက် ၁၁ နာရီ အချိန်က မြို့အုပ်ချုပ်ရေးမှူး ဦးအောင်ကျော်ထွန်းနှင့် ဌာနဆိုင်ရာဝန် ထမ်းများက သွားရောက် လှူဒါန်းပေးအပ်ခဲ့ကြောင်း သိရသည်။
ဟိုင်းကြီးကျွန်းမြို့နှင့် (၂၀)မိုင်ခန့်ကွာဝေးသည့် ဖောင်တိုးကျေးရွာအုပ်စု၊ ဟက်လက်ကျေးရွာတွင် မိုးရာသီဖြစ်၍ တောတွင်းက ဖောက်လုပ်ထားသည့် မြေသားလမ်းမှာ လမ်းမကောင်းသည့်အတွက် သွားလာရခက်ခဲ့သဖြင့် အိမ်ထောင်စု (၁၃၉)စုမှာ ဆန်အခက်အခဲဖြစ်ပေါ်နေကြောင်းသိရှိရသည်။ ထို့ကြောင့် မြို့နယ်အုပ်ချုပ်ရေးမှူးနှင့် ဌာနဆိုင်ရာများက ဝိုင်းဝန်းစီစဉ်ဆောင်ရွက်ခဲ့ရာ ဆန်အိပ် ၄၀ ကို ဟိုင်းကြီးကျွန်းမြို့ရှိလုပ် ငန်းရှင်များကစုပေါင်း လှူဒါန်းမှုဖြင့် ရရှိခဲ့ကြောင်း သိရသည်။
အဆိုပါ ဆန်အိတ် ၄၀ ကို ဖောင်တိုးကျေးရွာအုပ်စုနှင့် အနီးဆုံးဖြစ်သည့် ဇီးချိုင်ကျေးရွာအုပ်စုသို့ ဌာနဆိုင်ရာများက သွားရောက်ပို့ဆောင်ပေးခဲ့ရာ ဖောင်တိုးကျေးရွာအုပ်စု အုပ်ချုပ်ရေးမှူးနှင့်အဖွဲ့က လာရောက် လက်ခံရယူခဲ့ကြောင်း သိရှိရသည်။
၎င်းဆန်အိတ်များကို ရာသီဥတုသာယာသည်နှင့် ပင်လယ်ပြင်မှဒေသခံစက်လှေများဖြင့် အမြန်ဆုံးလာရောက် သယ်ဆောင်နိုင်ရန်အတွက် စီစဉ်ဆောင်ရွက်နေကြောင်း သိရသည်။
ကျော်သူဟိန်း(ဟိုင်းကြီးကျွန်း)