သီပေါမြို့နယ် မီးသတ်ဦးစီးဌာနမှ ကိုဗစ်−၁၉ရောဂါ ကြိုတင်ကာကွယ်ရေး အသိပညာပေး နှိုးဆော်ခြင်းများ ဆောင်ရွက်

 

သီပေါ အောက်တိုဘာ ၁၄

ရှမ်းပြည်နယ်(မြောက်ပိုင်း)၊ ကျောက်မဲခရိုင်၊ သီပေါမြို့နယ်မီးသတ်ဦးစီးဌာနမှ မီးသတ်ယာဉ်ဖြင့် ကိုဗစ်−၁၉ ရောဂါ ကြိုတင်ကာကွယ်ရေးအတွက် အသိပညာပေးနှိုးဆော်ခြင်း လုပ်ငန်းကို ယနေ့ နံနက် ၁၀နာရီ အချိန်ခန့်က မြို့နယ်အတွင်းရှိ ရပ်ကွက်များနှင့်  မြို့အနီးနားပတ်ဝန်းကျင်ရှိ ကျေးရွာများတွင် ပြုလုပ် ဆောင်ရွက်ခဲ့သည်။

ထို့သို့အသိပညာပေး လုပ်ငန်းများ ဆောင်ရွက်ရာတွင် မြို့နယ်မီးသတ်ဦးစီးဌာနမှ တပ်ဖွဲ့ဝင်များသည် သီပေါမြို့နယ်အတွင်းရှိ ရပ်ကွက်များနှင့် အနီးအနား ကျေးရွာများသို့ မီးသတ်ယာဉ်ဖြင့် လှည့်လည်ကာ လတ်တလော ဖြစ်ပွားလျက်ရှိသည့် အသက်ရှုလမ်းကြောင်းဆိုင်ရာ ကိုဗစ်−၁၉ရောဂါ ကူးစက်ခြင်း မရှိစေရန်အတွက်  မလိုအပ်ပဲအပြင်မထွက်ကြရန်၊ မိမိနေအိမ်တွင်သာနေထိုင်ရန်၊ လူစုလူဝေး ဖြင့် ကျင်းပပြုလုပ်သည့် ပွဲလမ်းသဘင်များ၊ အခမ်းအနားများ မပြုလုပ်ကြရန်၊ နေအိမ်ပြင်ပ သို့ထွက်ခွာရာ တွင်လည်းကောင်း၊ စျေးများ၌ စျေးရောင်းစျေးဝယ်ပြုလုပ်ရာတွင်လည်းကောင်း နှာခေါင်းစည်း (Mask) ကိုစနစ်တကျ တပ်ဆင်ရန်၊ လက်ကို ဆပ်ပြာဖြင့် စနစ်တကျ စက္ကန့်(၂၀)ကြာ ဆေးကြောရန်၊ Social Distancingကို တိတိကျကျလိုက်နာကြရန် စသည့် ကျန်းမာရေးနှင့် အားကစားဝန်ကြီးဌာန၏  လမ်းညွှန်ချက်များကို ပြည်သူများ ကျယ်ကျယ်ပြန့်ပြန့်သိရှိစေရေးအတွက် အသံချဲ့စက်ဖြင့်  လှည့်လည်နှိုးဆော်ပေးခဲ့သည်။

သီပေါမြို့နယ်တွင် ကိုဗစ်−၁၉ရောဂါ ကြိုတင်ကာကွယ်နိုင်စေရန် ရပ်ကွက်များနှင့် အနီးအနား ကျေးရွာများသို့ နေ့စဉ်လှည့်လည် အသိပေးနှိုးဆော်ပေးလျက်ရှိပြီး မြို့နယ်အဆင့် ကိုဗစ်−၁၉ရောဂါ ထိန်းချုပ်ရေးနှင့်       အရေးပေါ်တုံ့ပြန်ရေး    ကော်မတီမှလည်း     ရောဂါ ကာကွယ်ရေး လုပ်ငန်းများကို အရှိန်အဟုန်မြှင့် ဆောင်ရွက်လျက်ရှိကြောင်း သိရသည်။

           

ခင်လေး(သီပေါ၊ပြန်/ဆက်)