ဆွမ်ပရာဘွမ် အောက်တိုဘာ ၁၅
ကချင်ပြည်နယ်၊ ပူတာအိုခရိုင်၊ ဆွမ်ပရာဘွမ်မြို့နယ်၌ သုံးနှစ်သားကော်ဖီပျိုးပင်ပေးအပ်ပွဲကို ယမန်နေ့ နံနက် ၁၀ နာရီခန့်က မြို့နယ်ဘန်ရူခန်းမ၌ ကျင်းပသည်။
အခမ်းအနားတွင် မြို့နယ်အုပ်ချုပ်ရေးမှူး ဦးဇာနည်တိုးက ဆွမ်ပရာဘွမ်မြို့နယ်အား ကော်ဖီပင်စိုက်ပျိုး ထွက်ရှိရာဒေသအဖြစ် အကောင်အထည်ဖော် ဆောင်ရွက်ရန် ရည်ရွယ်ကြောင်းပြောကြားပြီး မြို့နယ်စိုက်ပျိုး ရေးဦးစီးမှူး ဦးဝင်းလှိုင်က ကော်ဖီစိုက်ပျိုးနည်းစနစ်များကို ရှင်းလင်းပြောကြားခဲ့သည်။
အဆိုပါကော်ဖီပျိုးပင်များအား မြို့နယ်အုပ်ချုပ်ရေးမှူး ဦးဇာနည်တိုး၏ ဦးဆောင်မှုဖြင့် လမ်းအထူးအဖွဲ့ (၁) မှ လှူဒါန်းခြင်းဖြစ်ကြောင်း၊ ကော်ဖီပျိုးပင်များအား တောင်သူ (၁) ဦးလျှင် ကော်ဖီပျိုးပင် (၈၈) ပင်၊ အမှန် တကယ် လုပ်ကိုင်ဆောင်ရွက်မည့် တောင်သူ (၁၁) ဦးအား ကော်ဖီပျိုးပင် (၉၆၈) ပင်ကို မြို့နယ် အုပ်ချုပ်ရေးမှူး ဦးဇာနည်တိုးနှင့် ဌာနဆိုင်ရာများက ပေးအပ်ခဲ့ကြောင်း သိရသည်။
အဆိုပါ အခမ်းအနားတွင် တောင်သူများကိုယ်စား ဦးမစော်တူးကကျွန်တော်တို့ တောင်သူတွေကို ယခုလို ကော်ဖီပင်ပေးတဲ့အတွက် အထူးပင်ဝမ်းမြောက်မိပါကြောင်း၊ မိမိတို့တောင်သူတွေအနေဖြင့်လည်း အောင်မြင်အောင် စိုက်ပျိုးသွားမည်ဖြစ်ကြောင်း၊ မိမိတို့ဆွမ်ပရာဘွမ်မြို့ကို ကော်ဖီပင်စိုက်ပျိုးထွက်ရှိရာ ဒေသအဖြစ် အကောင်အထည်ဖော် ဆောင်ရွက်ရာတွင် ဝိုင်းဝန်းဆောင်ရွက်သွားမည်ဖြစ်ကြောင်း ပြောကြား ခဲ့သည်။ ထို့နောက် ဦးမစော်တူးပိုင်ဥယျာဉ်ခြံမြေတွင် မြို့နယ်အုပ်ချုပ်ရေးမှူး ဦးဆောင်၍ ဌာနဆိုင်ရာ များက ကော်ဖီပင်များကို သွားရောက်စိုက်ပျိုးပေးခဲ့ကြောင်း သိရသည်။
ကုဋေ (ပြန်/ဆက်)