ကိုဗစ်-၁၉ ရောဂါကြောင့် အခက်အခဲဖြစ်နေသူများအား ကြက်ဥနှင့် စားဖိုချောင်သီးနှံများအား လိုသလောက်ယူစနစ်ဖြင့် ဝေငှလျက်ရှိပြီး (၁၀) ရက်ကြာ ဝေငှပေးသွားမည်

မန္တလေး အောက်တိုဘာ ၁၅

ကိုဗစ်-၁၉ ရောဂါကြောင့် အခက်အခဲဖြစ်နေသူများအား မန္တလေးမြို့၊ ချမ်းအေးသာစံမြို့နယ်၊ နဂါးကွက်သစ်ရှိ သဟပုညကာရီ ဘုံဆွမ်းလောင်းအသင်းမှ စားဖိုချောင်သီးနှံ ဟင်းချက်စရာ များအား ချမ်းအေးသာစံမြို့နယ်အတွင်းရှိ ရပ်ကွက်များသို့ ကြက်ဥနှင့် ဟင်းသီးဟင်းရွက်စုံ များကို အောက်တိုဘာ ၁၁ ရက်မှစတင်၍ လိုသလောက်ယူစနစ်ဖြင့် ဝေငှလျက်ရှိပြီး (၁၀) ရက်ကြာဝေငှပေးသွားမည်ဖြစ်ကြောင်း သိရသည်။

အလှူရှင်တွေရဲ့ မတည်လှူဒါန်းမှုနဲ့ အသင်းဦးဆောင်သူတွေက ရပ်ကွက်တာဝန်ရှိသူတွေနဲ့ ပူးပေါင်းစီစဉ်တာပါ၊ နေ့စဉ်နံနက် ၇ နာရီမှာ သတ်မှတ်ထားတဲ့ ရပ်ကွက်တွေဆီ အလှည့်ကျ လိုက်လံဝေငှပေးသွားဖို့ စီစဉ်ထားတယ်ဟု သဟပုညကာရီ ဘုံဆွမ်းလောင်းအသင်း ဒုတိယဥက္ကဋ္ဌ ဦးသောင်းဝင်းထွန်းက ပြောကြားသည်။

လောလောဆယ်တော့ (၁၀) ရက်ကြာလှည့်လည်ပြီး ဝေငှလှူဒါန်းပေးသွားဖို့ စီစဉ်ထားပါတယ်၊ အလှူရှင်ရရှိမှုပေါ် မူတည်ပြီး လိုအပ်တဲ့နေရာတွေမှာ ဆက်လက်ဖြည့်ဆည်းနိုင်ဖို့ ဆောင်ရွက် နေပါတယ်၊ ရပ်ကွက်တစ်ခုကိုလူနှစ်ရာ၊ နှစ်ရာ့ငါးဆယ်လောက်မှန်းပြီး စီစဉ်တာပါ၊ တိုးဝှေ့ယူ တာမျိုးမရှိရအောင် တန်းစီယူစေပါတယ်၊ ခင်းထားတဲ့ ဟင်းရွက်စုံ လိုသလောက်ယူ ကြက်ဥ တစ်ထုပ်ပေးတယ်၊ ဒီနေ့ဒီနေရာမှာလှူတယ်၊ နောက်ရက်ကျတော့ နောက်တစ်နေရာပေါ့ အလှည့်ကျလှူပေးသွားမှာပါ လို့၎င်းက ဆက်လက်ပြောကြားသည်။

ချမ်းအေးသာစံမြို့နယ်အတွင်းရှိ ရပ်ကွက်များသို့ ကြက်ဥနှင့် စားဖိုချောင်သီးနှံများ ဝေငှရာတွင်  စားပွဲခုံတန်းနှင့် ခင်းကျင်းပြီး တစ်ဦးချင်း လိုသလောက်ယူစနစ်ဖြင့် ဝေငှပေးခဲ့ပြီး အသင်းကနေ နေ့စဉ်မနက်တိုင်း လိုအပ်သော ရပ်ကွက်များသို့ သွားရောက်ကာ လှည့်လည်ဝေငှ ပေးသွားမည် ဖြစ်ကြောင်း သိရသည်။

သန်းဇော်မင်း(ပြန်/ဆက်)