ပူတာအို အောက်တိုဘာ ၁၅
မြန်မာနိုင်ငံ၏ EITI လုပ်ငန်းစဉ်များ အကောင်အထည်ဖော် ဆောင်ရွက်လျက်ရှိပြီး EITI တင်း ပြည့်အဖွဲ့၀င် နိုင်ငံတစ်နိုင်ငံ ဖြစ်လာရေးအတွက် EITI စံနှုန်းများနှင့်အညီ ဆောင်ရွက်ရန် အစိုးရ၊ ပုဂ္ဂလိကကုမ္ပဏီများနှင့် အရပ်ဘက်အဖွဲ့အစည်းများမှ ကိုယ်စားလှယ်များပါ၀င်၍ ကချင်ပြည်နယ်အစိုးရအဖွဲ့၀င် သယံဇာတနှင့် သဘာ၀ပတ်၀န်းကျင် ထိန်းသိမ်းရေး၀န်ကြီးဌာန ၀န်ကြီး ဦးဒါရှီလဆိုင်း ဦးဆောင်သည့် ကချင်ပြည်နယ် သုံးပွင့်ဆိုင်ညွှန့်ပေါင်းအဖွဲ့ (SNU) နှင့် လူထုတွေ့ဆုံပွဲ အခမ်းအနားကို ယမန်နေ့မွန်းလွဲ (၂) နာရီက ကချင်ပြည်နယ်၊ ပူတာအိုမြို့၊ မြို့မရပ်ကွက်ရှိ နယ်စပ်ဒေသ တိုင်းရင်းသားလူငယ်များဖွံ့ဖြိုးရေး သင်တန်းကျောင်း ခန်းမ၌ ကျင်းပပြုလုပ်သည်။
အခမ်းအနားတွင် ကချင်ပြည်နယ် အစိုးရအဖွဲ့၀င် သယံဇာတနှင့် သဘာ၀ပတ်၀န်းကျင်ထိန်းသိမ်းရေး ၀န်ကြီးဌာန ၀န်ကြီး (Sub - National Coordination Unit- SNU) နာယက ဦးဒါရှီလဆိုင်းက အဖွင့်အမှာ စကားပြောကြားပြီး ပူတာအိုခရိုင်အုပ်ချုပ်ရေးမှူး ဦးသန့်ဇင်က ကြိုဆိုနှုတ်ခွန်းဆက်စကား ပြောကြားသည်။ ဆက်လက်၍ ပြည်နယ်သတ္တုတွင်းဦးစီးဌာန ပြည်နယ်ဦးစီးမှူး SNU- အတွင်းရေးမှူး ဦးစောယု က (Myanmar Extractive Industries Transparency Initiate - EITI) လုပ်ငန်းစဉ်နှင့် အစိုးရ၏ လုပ်ငန်းစဉ်အား ရှင်းလင်းဆွေးနွေးပြီး CSO များဘက်မှ SNU- အတွင်းရေးမှူး ဦးမျိုးအောင်က Sub-National Coordination Unit-SNU) ၏ လုပ်ဆောင်ခဲ့ပြီးသော လုပ်ငန်းများ ရှင်းလင်းဆွေးနွေးသည်။
ထို့နောက် လုပ်ငန်းရှင်များအစုအဖွဲ့မှ (SNU-အတွင်းရေးမှူး) ဦးစိုင်းအုန်းရွှေက လုပ်ငန်းရှင်များ၏ လုပ်ငန်းများနှင့် ပတ်သက်၍ ရှင်းလင်းဆွေးနွေးပြီး အခမ်းအနား တက်ရောက်လာသည့် ဒေသခံပြည်သူများက သဘာ၀ ပတ်၀န်းကျင်ထိန်းသိမ်းရေး၊ သတ္တုလုပ်ငန်း၊ သစ်စက်လုပ်ငန်းနှင့်ပတ်သက်၍ သိလိုသည် များကို မေးမြန်းဆွေးနွေးကြရာ ကချင်ပြည်နယ်အစိုးရအဖွဲ့၀င် သယံဇာတနှင့် သဘာ၀ ပတ်၀န်းကျင် ထိန်းသိမ်းရေး ၀န်ကြီးဌာန၀န်ကြီး နှင့် သက်ဆိုင်ရာ ပြည်နယ်အဆင့်ဌာနဆိုင်ရာ တာ၀န် ရှိသူများက ပြန်လည်ရှင်းလင်း ဖြေကြားပေးခဲ့ကြောင်း သိရသည်။
ဖုန်ကန်(ပြန်/ဆက်)