ပုလော ဇန်နဝါရီ ၅
တနင်္သာရီတိုင်းဒေသကြီး၊ မြိတ်ခရိုင်၊ လူမှုဝန်ထမ်းရုံး၊ ပုလောမြို့ မူလတန်းကြိုကျောင်း ကလေးငယ်များ၏ ကာယစွမ်းရည်ပြိုင်ပွဲနှင့် ဆုချီးမြှင့်ပွဲကို ယမန်နေ့နံနက် ၈ နာရီခွဲက မိုးလုံလေလုံ အားကစားခန်းမတွင် ကျင်းပပြုလုပ်ခဲ့ပြီး မူလတန်းကြိုကျောင်းသား/ကျောင်းသူများ၏ ကာယ၊ ဉာဏ ဖွံ့ဖြိုးတိုးတက်စေရန်နှင့် မိသားစုအချင်းချင်း ပူးပေါင်းဆောင်ရွက်၍ ချစ်ခင်ရင်းနှီးမှုရရှိစေရန် အဆိုပါပြိုင်ပွဲများ ကျင်းပပြုလုပ်ရခြင်းဖြစ်သည်ဟု လူမှုဝန်ထမ်းဦးစီးဌာနမှ လက်ထောက်ညွှန်ကြားရေးမှူး ဒေါ်ကြွယ်ကြွယ်ဝင်းက ပြောသည်။
ပြိုင်ပွဲတွင် မူကြိုကျောင်းသား၊ ကျောင်းသူ (၁၀၀)ဦးကျော်အား ကျောင်းသား၊ မိဘများပါဝင်သည့် ခေါင်းအုန်းရွက်၊ ဘောလုံးမြှောက်၊ ပူဖောင်းခွဲ၊ ပူဖောင်းပင့်ကိုင်၊ ရေဘူးဖြည့်၊ ကြက်ဥကောက်၊ ကွင်းခုံ၊ မုန့်စား၊ အင်္ကျီကြယ်သီးတပ်၊ အပြေး၊ ဇွန်းကိုက်၊ ကြိုးချည်စသည့် အားကစားနည်းများကို ယှဉ်ပြိုင်ခဲ့ကြသည်။
ထို့နောက် ပြိုင်ပွဲဝင်ကျောင်းသား၊ ကျောင်းသူများအား ပထမဆု၊ ဒုတိယဆု၊ တတိယဆုများနှင့် နှစ်သိမ့်ဆုများကို လက်ထောက်ညွှန်ကြားရေးမှူး ဒေါ်ကြွယ်ကြွယ်ဝင်း၊ ဦးစီးမှူး ဒေါ်ဝေဝေလွင်၊ မူကြိုကျောင်း ဆရာမများနှင့် ကျောင်းအကျိုးတော်ဆောင်ကော်မတီဝင်များက ဆုများချီးမြှင့်ခဲ့ကြသည်။
ထူးဝေယံ(ပြန်/ဆက်)