မန္တလေး အောက်တိုဘာလ ၁၅
တရုတ်နိုင်ငံမှ ဝယ်ယူမှုများကြောင့် နှမ်းဈေးများ အနည်းငယ်တက်လာကြောင်း မန္တလေး ပွဲစား၊ ကုန်သည်၊ စက်ပိုင်များမဟာက ထိန်တော်အသင်း (မန္တလေးကုန်စည်ဒိုင်)မှ သိရသည်။
" နှမ်းလေးနည်းနည်းဈေး ပြန်တက်လာတယ်။ ဒါကတော့ တရုတ်ဝယ်လိုအားကြောင့်ပါ။ တရုတ်ဝယ်ယူမှုကတော့ သူတို့ဘက်က ဈေးကွက်လည်း ရှိနေသေးတယ်။ ဒါတောင် ငွေဈေးနှုန်းကျနေလို့ပေါ့။ ငွေဈေးနှုန်းတက်ခဲ့ရင်တော့ နည်းနည်းပိုတက်နိုင်တဲ့ အနေအထား ရှိပါတယ်။ ငွေဈေးကျတာကိုမှ သူတို့ဘက်က ဝယ်လိုအားရှိတဲ့အတွက် နည်းနည်းတက် တာပေါ့။ မြန်မာငွေဈေးက မာနေတဲ့အပြင် သူတို့ဘက်ကလည်း ဝယ်လိုအားရှိတာကြောင့် ဈေးလေးနည်းနည်းတက်တာပါ။ တကယ်တမ်း ငွေဈေးမာရင် ပစ္စည်းက ကျတတ်တဲ့ သဘာဝပါ။ နှမ်းကတော့ နယ်စုံထွက်ပါတယ်။ အခုရက်ပိုင်းထွက်တာကတော့ ရွှေဘို၊ ကျောက်ဆည်မှာ နှမ်းအသစ်လေးတွေ ထွက်နေ ပါတယ်။ " ဟု မန္တလေးကုန်စည်ဒိုင် ဒုတိယ ဥက္ကဋ္ဌ ဦးချွန်က ပြောသည်။
နှမ်းကို မန္တလေးတိုင်းဒေသကြီး၊ မကွေးတိုင်းဒေသကြီးနှင့် စစ်ကိုင်းတိုင်းဒေသကြီးတွေမှာ အများဆုံး စိုက်ပျိုး ကြပြီး အရင်က နှမ်းတွေကို ပြည်တွင်းမှာ အများအပြားစားသုံးကြ သော်လည်း ခေတ်ကာလ ပြောင်းလဲမှုအရ နှမ်းဆီအစား စားအုံးဆီ အစားထိုးသုံးစွဲလာလို့ ပြည်တွင်းစားသုံးမှု လျော့နည်းသွားကြောင်း သိရသည်။
ထိပ်ထားနိုင်