အိန္ဒိယဝယ်လိုအားကြောင့် လေးနှစ်လောက်မှ ပဲစင်းငုံမှ ဈေးပြန်တက်

မန္တလေး အောက်တိုဘာလ ၁၅

အိန္ဒိယဝယ်လိုအားကြောင့် လေးနှစ်လောက်မှ ပဲစင်းငုံမှ ဈေးပြန်တက်နေကြောင်း မန္တလေး ပွဲစား၊ကုန်သည်၊ စက်ပိုင်များမဟာကထိန်တော်အသင်း (မန္တလေးကုန်စည်ဒိုင်)မှ သိရသည်။
" ပဲစင်းငုံဈေးမတက်တာ ဈေးကွက်ပျက်သွားတာက လေးနှစ်လောက်ရှိပါပြီ။ မနှစ်ကမှ ဈေးလည်း နည်းနည်း ပြန်မာလာတယ်။ ဒီနှစ်မှာ နည်းနည်းလေး ဈေးတက်တာပေါ့။ အိန္ဒိယက စောစောပိုင်းက လိုင်စင်တော့ ယူထားတယ်။ ဒါပေမယ့် သူတို့သတ်မှတ်ထားတဲ့ တင်သွင်းခွင့်ကို ကာလကျော်သွားတဲ့အတွက် ပိတ်လိုက်တယ်။ အခုကျတော့ ၂၀၂၁ခုနှစ်၊ မတ်လ ၃၁ထိ သူတို့ရဲ့တင်သွင်းခွင့်ပါမစ်ကို attention လုပ်လိုက်တဲ့အတွက် ဒီဘက်က ပဲစင်းငုံက ပြန်ထွက်လို့ ရတာပေါ့။ ထွက်လို့ရတဲ့အတွက် ဈေးလေးတက် သွားတာပါ။ " ဟု မန္တလေးကုန်စည်ဒိုင် ဒုတိယ ဥက္ကဋ္ဌ ဦးချွန်က ပြောသည်။
ပဲစင်းငုံကို ကျောက်ဆည်၊ ရွှေဘို၊ မြင်းခြံစသည့်ဒေသများတွင် အများဆုံးစိုက်ပျိုးကြပြီး ယခင်က ပဲစင်းငုံများကို သီးနှံညပ်အဖြစ်စိုက်ပျိုးကြသော်လည်း ဈေးမကောင်းသောကြောင့် သီးညှပ်စိုက်ပျိုးမှုများနည်းသွားကြောင်း၊ ပဲစင်းငုံကို မေလနှင့်ဇွန်လများတွင် အများဆုံး စိုက်ပျိုးကြပြီး ဒီဇင်ဘာလနှင့် ဇန်နဝါရီလများတွင် ပဲအသစ်ပေါ်ကာ စိုက်ပျိုးချိန်နောက် ကျသော ပဲစင်းငုံများမှ မတ်လတွင် ထွက်ရှိကြောင်း သိရသည်။
" ပဲစင်းငုံက ဈေးမကောင်းတာ ဖြစ်တဲ့အတွက် သိပ်မစိုက်တော့ဘူး။ ပဲစင်းငုံအစား နှမ်းနဲ့ပဲတီစိမ်းကိုဘဲ ပိုစိုက်ကြတယ်။ အရင်က ပဲတီစိမ်းထဲ နှမ်းထဲ ပဲစင်းငုံထည့်တယ်။ ဒီနှစ်မှ ပဲစင်းငုံဈေးက မြင့်တာပါ။ မနှစ်ကဈေးထိ ဈေးက သိပ်မမမြင့်တဲ့အခါကျတော့ သိပ်မစိုက် ရဲကြဘူး။ ပဲစင်းငုံက အိန္ဒိယဝယ်ယူမှုက အမျိုးမျိုးဖြစ်နေတာ။ ဒီနှစ်တော့ အိန္ဒိယမှာ လက်ကျန်ပဲကလည်း ကုန်သွားပြီ။ အိန္ဒိယမှာ နောက်ထွက်မယ့်ပဲကလည်း မိုးကြီးတာတွေ မိုးနည်းတာတွေ ဖြစ်နေတာတွေကြောင့်ပါ။ပဲစင်းငုံကို အများဆုံးပို့ရတာက အိန္ဒိယဖြစ်ပြီး တော့ ဘင်္ဂလားဒေ့ရှ်နဲ့ တူရဂီတို့ပို့ရတာကတော့ နည်းပါတယ်။ တူရဂီက အချောဘဲ ပို့ရတာပါ။ ပဲစင်းငုံထုတ်ကုန်ရဲ့ ၉၅ရာခိုင်နှုန်း လောက်က အိန္ဒိယကိုဘဲ ပို့ရတာပါ။ "ဟု ဆက်ပြောသည်။
စက်တင်ဘာလ ၃၀ရက်နေ့တွင် ပဲစင်းငုံ ၆၀ ပိဿာလျှင် ၇၆၀၀၀ကျပ်ဝန်းကျင်ရှိရာမှ အောက်တိုဘာလ ၁၄ရက်နေ့ တွင် ပဲစင်းငုံ ၆၀ ပိဿာလျှင် ၉၀၀၀၀ကျပ်မှ ၉၂၀၀၀ကျပ် ဝန်းကျင်ထိ ဈေးများမြင့်တက်လာကြောင်း မန္တလေးကုန်စည်ဒိုင်မှ သိရသည်။


ထိပ်ထားနိုင်