လောင်းလုံးမြို့တွင် ၂၀၂၀ ပြည့်နှစ်၊ ပါတီစုံ ဒီမိုကရေစီ အထွေထွေရွေးကောက်ပွဲ အောင်မြင်စွာ ကျင်းပနိုင်ရေး ကော်မတီအဖွဲ့ဝင်များ အစည်းအဝေးကျင်းပခြင်းနှင့် ဆန္ဒမဲစာရင်းများ စစ်ဆေး

လောင်းလုံး အောက်တိုဘာ ၁၅

တနင်္သာရီတိုင်းဒေသကြီး၊ ထားဝယ်ခရိုင်၊ လောင်းလုံးမြို့တွင် ၂၀၂၀ ပြည့်နှစ်၊ ပါတီစုံ ဒီမိုကရေစီ အထွေထွေရွေးကောက်ပွဲ အောင်မြင်စွာကျင်းပနိုင်ရေး ကော်မတီအဖွဲ့ဝင်များ အစည်းအဝေး ကျင်းပခြင်းနှင့် ဆန္ဒမဲစာရင်းများ မှန်ကန်မှု ရှိ/မရှိ စစ်ဆေးခြင်းကို ယမန်နေ့ နံနက်ပိုင်းမှစ၍ ပြုလုပ်ဆောင်ရွက်သည်။

ရှေးဦးစွာ လောင်းလုံးမြို့နယ်၊ အထွေထွေအုပ်ချုပ်ရေးဦးစီးဌာနမှ မြို့နယ်အုပ်ချုပ်ရေးမှူး ဦးကံထူးက အဖွင့်အမှာစကားပြောကြားပြီး မြို့နယ်ရွေးကောက်ပွဲ ကော်မရှင်အဖွဲ့ခွဲဥက္ကဋ္ဌ ဦးစိုးသိမ်းက နိုဝင်ဘာလ ၈ ရက်နေ့တွင် ကျင်းပမည့် ပါတီစုံ၊ ဒီမိုကရေစီ၊ အထွေထွေ ရွေးကောက်ပွဲ အောင်မြင်စွာကျင်းပနိုင်းရေးအတွက် ကော်မတီအဖွဲ့ဝင်များ အနေဖြင့် စည်းစည်း လုံးလုံးနဲ့ ပူးပေါင်းပါဝင်ဆောင်ရွက်ပေးဖို့ လိုအပ်ခြင်း၊ မကြာမီ မဲရုံမှူးသင်တန်းများကို ဖွင့်လှစ် နိုင်ရေး စီစဉ်ဆောင်ရွက်ခြင်း၊ ရွေးကောက်ပွဲသည် ရက်ပိုင်းသာလိုခြင်းတို့ကြောင့် တက်ညီ လက်ညီနဲ့ မှားယွင်းမှုမရှိအောင် အတတ်နိုင်ဆုံး ပူးပေါင်းပါဝင် ဆောင်ရွက်ပေးလိုခြင်းများ ပြောကြားသည်။

ဆက်လက်၍ မြို့နယ်ရွေးကောက်ပွဲ ကော်မရှင်အဖွဲ့ဝင်များက ဆန္ဒမဲစာရင်းများ မှန်ကန်မှု ရှိ/မရှိ စစ်ဆေး ရေတွက်ခြင်းများ ပြုလုပ်ခဲ့ကြကြောင်း သိရသည်။

သိန်းသိန်း (ပြန်/ဆက်)