လောင်းလုံး အောက်တိုဘာ ၁၅
တနင်္သာရီတိုင်းဒေသကြီး၊ ထားဝယ်ခရိုင်၊ လောင်းလုံးမြို့နယ်၊ ဝေဒီစျေးတွင် ကိုဗစ်−၁၉ ရောဂါ ကာလအတွင်း သတ်မှတ်စည်းကမ်းချက် များနှင့်အညီ ရောင်းချခြင်း ရှိ/မရှိ စစ်ဆေးခြင်းကို ယနေ့နံနက်ပိုင်းကကွင်းဆင်း စစ်ဆေးခဲ့ကြောင်း သိရသည်။
ထို့သို့ ကွင်းဆင်းစစ်ဆေးရာတွင် လောင်းလုံးမြို့နယ်အတွင်းရှိ လူစည်ကားနေရာဖြစ်သော စျေးများ၊ စားသောက်ဆိုင်များတွင် ကိုဗစ်-၁၉ ရောဂါ ကာကွယ်ထိန်းချုပ်နိုင်ရေးအတွက် နှာခေါင်းစည်းနှင့် Face Shield တပ်ဆင်ပြီးမှသာ စျေးရောင်း/စျေးဝယ်ကြစေရန်၊ စျေးရောင်း/ စျေးဝယ်သူများအား တစ်ဦးနှင့်တစ်ဦးသတ်မှတ် အကွာအဝေးတွင်ရောင်းချ ဝယ်ယူကြရန်နှင့် ကိုယ်အပူချိန် တိုင်းတာပေးခြင်း ကျန်းမာရေး အသိပညာပေးခြင်းများကိုလည်း ဆောင်ရွက် ခဲ့ကြောင်း သိရသည်။
အဆိုပါ ကွင်းဆင်းစစ်ဆေးရာ၌ လောင်းလုံးမြို့နယ်၊ စည်ပင်သာယာရေး အမှုဆောင်အရာရှိ ဦးကျော်ဌေးနှင့် ဝန်ထမ်းများ၊ ကျန်းမာရေး ဝန်ထမ်းများနှင့် ဌာနဆိုင်ရာ ဝန်ထမ်းများက ပူးပေါင်း၍ စျေးရောင်း/စျေးဝယ်သူများအား ကျန်းမာရေးနှင့်အားကစား ဝန်ကြီးဌာနက ထုတ်ပြန်ထားသည့် စည်းကမ်းချက်များအပေါ် လိုက်နာဆောင်ရွက်မှုမရှိပါက အပြစ်ပေး အရေးယူမှုများ ဆောင်ရွက်သွားမည်ဖြစ်ကြောင်း သိရသည်။
သိန်းသိန်း(ပြန်/ဆက်)