နမ့်စန်(တ) ဇန်နဝါရီ ၅
ရှမ်းပြည်နယ်တောင်ပိုင်း နမ့်စန်မြို့နယ် အမှတ်(၁)ရပ်ကွက် ဗုဒ္ဓရာဇာဓမ္မအေးရိပ်သာကျောင်းတိုက်တွင် ဖွင့်လှစ်သင်ကြားလျက်ရှိသော ဗုဒ္ဓရာဇာဓမ္မစကူးလ်သင်တန်း သင်ယူပြီးမြောက် ခြင်း လက်မှတ်ပေးအပ်ပွဲနှင့် သင်တန်းဆင်းပွဲအခမ်းအနားကို ယနေ့နံနက် ၉ နာရီခွဲက အဆိုပါကျောင်းတိုက်တွင် ကျင်းပခဲ့သည်။
ရှေးဦးစွာ အခမ်းအနားတက်ရောက်လာကြသူများက နမောတဿ သုံးကြိမ်ရွတ်ဆို၍ အခမ်းအနားအား ဖွင့်လှစ်ခဲ့ပြီး ဗုဒ္ဓရာဇာဓမ္မအေးရိပ်သာကျောင်းတိုက် ပဓာနနာယက ဆရာတော် ထံမှ ငါးပါးသီလဆောက်တည်ကာ ဩဝါဒကထာများ နာကြားခဲ့ကြသည်။
ဆက်လက်၍ဗုဒ္ဓရာဇာ ဓမ္မအေးရိပ်သာကျောင်းတိုက် ပဓာနနာယကဆရာတော် က ဓမ္မစကူးလ် သင်ကြားပေးသော ဆရာ/ဆရာမများနှင့် အလှူရှင်များကို ဂုဏ်ပြုမှတ်တမ်းလွှာများ ပေးအပ်ခဲ့သည်။
ထို့နောက် ပြည်နယ်လွှတ်တော်ကိုယ်စားလှယ် ဦးလင်းအောင်ဆွေက သင်ယူပြီးမြောက်ခြင်းလက်မှတ်များ ပေးအပ်ခဲ့ပြီး ကျောင်းသား/ကျောင်းသူများကိုယ်စား ကျောင်းသားတစ်ဦးက လက်ခံ ရယူခဲ့သည်။
ပြည်နယ်လွှတ်တော်ကိုယ်စားလှယ် ဦးလင်းအောင်ဆွေ၊ နမ့်စန်လေတပ်စခန်း ဌာနချုပ် စက်မှုလက်မှုတပ်မှူး ဒုတိယဗိုလ်မှူးကြီးနေလင်းထွဋ်၊ မြို့နယ်ဓမ္မစကူးလ်ဥက္ကဋ္ဌ ဦးခင်မောင်မျိုးနှင့် ဓမ္မစကူးလ်အဖွဲ့မှ တာဝန်ရှိသူများက သင်တန်းထူးချွန်ဆုများကို အသီးသီးပေးအပ်ချီးမြှင့် ပေးအပ်ခဲ့ ကြပြီး ဓမ္မစကူးလ် ဆရာဦးဇော်မင်းက ကျေးဇူးတင်စကားပြန်လည်ပြောကြားခဲ့သည်။
ထို့နောက် ဓမ္မစကူးလ် ကျောင်းသား/ကျောင်းသူလေးများက ဓမ္မစကူးလ်ကဗျာသီချင်းများဖြင့် သီဆိုဖျော်ဖြေခဲ့ကြသည်။
အခမ်းအနားအပြီးတွင် ဓမ္မစကူးလ် သင်တန်းဆင်းပွဲ အထိမ်းအမှတ်ဖြင့် နိဗ္ဗာန်ဈေးပွဲတော် ဖွင့်လှစ်ကာ အစားအသောက်မျိုးစုံနှင့် သစ်သီးဖျော်ရည်မျိုးစုံတို့ကို အခမဲ့ရောင်းချပေးခဲ့ကြောင်း သိရသည်။
သူရအောင်(ပြန်/ဆက်)