မတူပီ အောက်တိုဘာ ၁၅
ချင်းပြည်နယ်၊ မတူပီခရိုင်၊ မတူပီမြို့တွင် ကိုဗစ်-၁၉ရောဂါ ပိုးတွေ့ရှိသဖြင့် ဆေးကုသမှု ခံယူလျက်ရှိသော လူနာ case 27886 မှာ ရောဂါပိုးမတွေ့ရှိတော့သဖြင့် ယမန်နေ့က မတူပီမြို့ ပြည်သူ့ဆေးရုံကြီးမှဆင်းခွင့်ရရှိခဲ့ပြီ ဖြစ်ကြောင်း သိရသည်။
ဆေးရုံမှ ဆင်းခွင့်ရရှိသူ ကိုဗစ်-၁၉ အတည်ပြုလူနာမှာ ရန်ကုန်တိုင်းဒေသကြီးမှ ပြန်လာသူဖြစ်ပြီး စက်တင်ဘာလ ၂၉ ရက်နေ့က အာခေါင်တို့ပတ်၊ နှာခေါင်းတို့ပတ်(swab) နမူနာယူခဲ့ရာမှ ပိုးတွေ့ရှိခဲ့သူ ဖြစ်သည်။
အဆိုပါ လူနာကို အောက်တိုဘာလ ၁၄ ရက်နေ့ နံနက် ၁၀ နာရီခွဲအချိန်တွင် ဆေးရုံဆင်းခွင့်ရရှိပြီး မတူပီမြို့ Joseph Oxygen ပရဟိတအသင်းက သီးသန့်ယာဉ်ဖြင့် ၎င်းနေထိုင်သော အာကီကုန်း ကျေးရွာသို့ အရောက် ပို့ဆောင်ခဲ့ပြီး (Home Quarantine) တစ်ပတ်ထားသွားမည်ဖြစ်ကြောင်း၊ Home Quarantine နေစဉ်ကာလအတွင်း ကျန်မာရေးနှင့် အားကစားဝန်ကြီးဌာနမှ ထုတ်ပြန်ထားသည့် စည်းကမ်းများနှင့်အညီ နေထိုင်သွားရန် လမ်းညွှန်ပြောကြားထားပြီး ဖြစ်ကြောင်း မတူပီမြို့ ပြည်သူ့ကျန်းမာရေး ဦးစီးဌာနမှ သိရသည်။
ခရိုင်(ပြန်/ဆက်)