ဖျာပုံမြို့၌ ကိုဗစ်-၁၉ ကာကွယ်ရေးအတွက် ပြည်သူများ ပူးပေါင်းပါဝင်ရေး ဗီနိုင်းဆိုင်းဘုတ်စိုက်ထူ၍ မြို့ပေါ်အဝင်ဂိတ်များတွင် စစ်ဆေးရေးလုပ်ငန်းများ ဆောင်ရွက်

ဖျာပုံ  အောက်တိုဘာ ၁၅

ဖျာပုံခရိုင်၊ ဖျာပုံမြို့၌ ကိုဗစ်-၁၉ ရောဂါ ထိန်းချုပ်နိုင်ရေးအတွက် မြို့အဝင်ဂိတ်များ၌ စစ်ဆေးရေး လုပ်ငန်းများ ဆောင်ရွက်ရာနှင့် ခရီးသွားရာတွင် ပြည်သူများ လိုက်နာရမည့် စည်းကမ်းချက်များ ဆိုင်းဘုတ် စိုက်ထူခြင်းကို အမှတ်(၁၈) ရပ်ကွက် စစ်ဆေးရေးဂိတ်တွင် ယနေ့မနက်က ပြုလုပ်ခဲ့သည်။

ဧရာဝတီတိုင်းဒေသကြီးအတွင်း ဖျာပုံမြို့သည့် Stay at Home အစီအစဉ်တွင် ပါဝင်နေသဖြင့် မြိုပေါ် အဝင်ဂိတ် (၃) နေရာတွင် စစ်ဆေးရေး လုပ်ငန်းများ ဆောင်ရွက်လျက်ရှိရာ  ပြည်သူများက ကျန်းမာရေးနှင့် အားကစားဝန်ကြီးဌာန၏ ထုတ်ပြန်ချက်များကို တိကျစွာ သိရှိလိုက်နာနိုင်ရေးအတွက် မြို့ပေါ်သို့ ဈေးဝယ်လာသူနှင့် အခြားကိစ္စအတွက် လာရောက်သူများ၊ ဈေးဝယ်ကတ် တစ်ကတ်နှင့် ကျေးရွာ အုပ်ချုပ်ရေးမှူး၏ ထောက်ခံချက်ကို တစ်ပါတည်းယူဆောင်လာပါရန်နှင့် အိမ်စီးယာဉ်နှင့် Taxi ယာဉ်များ ယာဉ်မောင်းနှင့် ခရီးသည် (၂) ဦးသာ တင်ဆောင်ပေးရန် ရေးသားထားသည့် ဗီနိုင်းဆိုင်းဘုတ် စိုက်ထူပြီး ပြည်သူများ အသိပေး၍ စစ်ဆေးရေး လုပ်ငန်းကို ဆောင်ရွက်လျက်ရှိသည်။

ဖျာပုံမြို့နယ်အတွင်း ပြည်သူများ ကိုဗစ်-၁၉ ကူးစက်ရောဂါ ကင်းဝေးစေနိုင်ရေးအတွက် အမှတ်(၃) ရပ်ကွက်၊ အမှတ်(၁၄)ရပ်ကွက်နှင့် အမှတ်(၁၈)ရပ်ကွက်များတွင် ခရီးသွားပြည်သူများကို မြို့ပေါ်သို့ အဝင် စစ်ဆေးရေး ဂိတ်များအဖြစ် စစ်ဆေးဆောင်ရွက်လျက်ရှိကြောင်း ၁၈ ရပ်ကွက် စစ်ဆေးရေးဂိတ်မှ သိရှိရပါသည်။

လှလှနွယ် (ခရိုင်ပြန်/ဆက်)