ကျောင်းကုန်း အောက်တိုဘာ ၁၅
ဧရာဝတီတိုင်းဒေသကြီး၊ ပုသိမ်ခရိုင်၊ ကျောင်းကုန်းမြို့နယ် အထွေထွေအုပ်ချုပ်ရေးဦးစီးဌာန အေးချမ်းသာယာ ခန်းမ၌ ရပ်ကွက်/ကျေးရွာ အုပ်ချုပ်ရေးမှူးနှင့်စာရေးဝန်ထမ်းများအား အထွေထွေရွေးကောက်ပွဲ အောင်မြင်စွာ ကျင်းပနိုင်ရေး ညှိနှိုင်းဆွေးနွေးပွဲကို ယနေ့နံနက် ၁၀ နာရီအချိန်ခန့်က ကျင်းပပြုလုပ်ခဲ့သည်။
ရှေးဦးစွာ မြို့နယ်အုပ်ချုပ်ရေးမှူး ဦးဇော်မျိုးဝင်းက ရွေးကောက်ပွဲကာလအတွင်း လုံခြုံရေးစီမံခန့်ခွဲမှု ကော်မတီ ဖွဲ့စည်းပုံနှင့်လုပ်ငန်းတာဝန်များ သတ်မှတ်ဆောင်ရွက်ပြီးဖြစ်ရာ အဆိုပါအဖွဲ့မှ အချိန်နှင့် တပြေးညီဆောင်ရွက် သွားဖို့ ရပ်ကွက်နှင့် ကျေးရွာအုပ်စုများက ဖွဲ့စည်းဆောင်ရွက်ရန်နှင့် ဖွဲ့စည်းပြီးကြောင်း အောက်တိုဘာ (၁၇) ရက်နေ့အရောက် ပြန်လည်တင်ပြဖို့ ပြောကြားပြီး၊ မြို့နယ် ရွေးကောက်ပွဲ ကော်မရှင် အဖွဲ့ခွဲဥက္ကဋ္ဌ ဦးအုန်းကြိုင်က မဲရုံအဖြစ်အသုံးပြုမည့် C B F Q ထားရှိသောကျောင်းများကို အောက်တိုဘာလ (၂၇)ရက်နေ့တွင် ပြန်လည်အပ်နှံရမည် ဖြစ်ကြောင်း၊ အောက်တိုဘာလ ၁၉၊ ၂၀၊ ၂၁ ရက်နေ့များတွင် မဲရုံမှူးနှင့်ဒုမဲရုံမှူးများအား မဲရုံမှူးသင်တန်း ပေးမည်ဖြစ်ကြောင်း၊ နိုဝင်ဘာလ ၆/၇ ရက်နေ့တွင် ကြိုတင်မဲပေးမည်ဖြစ်ကြောင်း ပြောကြားခဲ့သည်။
ထို့နောက် မြို့နယ်ရွေးကောက်ပွဲ ကော်မရှင်အဖွဲ့ခွဲအဖွဲ့ဝင် ဦးစိုးလွင်မော်က နိုဝင်ဘာလ ၆ ရက်နေ့ နောက်ဆုံးထားပြီး ပါတီအလံ၊ ပါတီဆိုင်းဘုတ်၊ ပါတီစတေကာများအပြီး ဖြုတ်သိမ်းထားကြရန် အသိပေး ထားစေလိုကြောင်း၊ ချိန်ခါမဟုတ်မိုးရွာသွန်းခဲ့လျှင် တန်းစီထားသူများ အဆင်ပြေစေရန် စဉ်းစားထားကြဖို့နှင့် မဲပေးမည့်သူများဟာ လက်ကိုင်ဖုန်းများ ယူဆောင်သွားလို့မရကြောင်း၊ ဘော့လ်ပင်တစ်ချောင်းသာ ယူဆောင်လို့ရမည်ကို ဆန္ဒမဲပေးမည့်သူများအား အသိပေးထားဖို့လိုကြောင်း မှာကြားခဲ့သည်။
တက်ရောက်လာသော ကျေးရွာအုပ်ချုပ်ရေးမှူးများက သိရှိလိုသည်များမေးမြန်းကြရာ မြို့နယ်မှတာဝန်ရှိ သူများက ပြန်လည်ရှင်းလင်း ခဲ့ကြကြောင်း သိရသည်။
ဝင်းကြိုင်(ပြန်/ဆက်)