နောင်ချိုမြို့နယ် ခြေမြစ်ပင်စစ်ဆေးရေး ဂိတ်တွင် ကိုဗစ်-၁၉ ထိန်းချုပ်ကာကွယ်ရေးလုပ်ငန်းများ အရှိန် အဟုန်မြှင့်တင်ဆောင်ရွက်

နောင်ချို အောက်တိုဘာ ၁၅

ရှမ်းပြည်နယ် (မြောက်ပိုင်း)၏  အဝင်တံခါးဖြစ်သော ကျောက်မဲခရိုင် နောင်ချိုမြို့နယ် ခြေမြစ်ပင် စစ်ဆေး‌ရေးဂိတ်တွင်  ကိုဗစ်-၁၉  ထိန်းချုပ် ကာကွယ်ရေးလုပ်ငန်းများ  အရှိန်အဟုန်မြှင့်တင်  ဆောင်ရွက်လျက်ရှိကြောင်း သိရသည်။

အဆိုပါစစ်ဆေးရေးဂိတ်တွင် နောင်ချိုမြို့နယ်  ကိုဗစ်-၁၉  ထိန်းချုပ်ကာကွယ်ရေးနှင့် အရေးပေါ် တုံ့ပြန်ရေး ကော်မတီဥက္ကဋ္ဌ  မြို့နယ် အုပ်ချုပ်ရေးမှူး ဦးသွင်ကိုကိုမင်း၏ ကြီးကြပ်မှုဖြင့် ဌာနဆိုင်ရာများ၊ လူမှုရေး အသင်းအဖွဲ့များ၊ ကြက်ခြေနီတပ်ဖွဲ့ဝင်များမှ နေ့စဉ် အလှည့်ကျ တာဝန်ယူကာ ရှမ်းပြည်နယ် အတွင်း ဝင်ရောက်လာသော ယာဉ်မောင်းနှင့် ယာဉ်နောက်လိုက်တို့အား ကိုဗစ်-၁၉ ရောဂါပိုး ရှိ/ မရှိ စစ်ဆေးနိုင်ရန် စာရင်းများ ရယူကာ ကျောက်မဲခရိုင် ပြည်သူ့ကျန်းမာရေးဌာနမှ ကျန်းမာရေးဝန်ထမ်းများ နောင်ချိုမြို့နယ် ဒေါက်တာ ကိုကိုနှင့် ဝန်ထမ်းများက Tesk Kits ဖြင့် စစ်ဆေးပေးခဲ့ကြသည်။

ထိုသို့  စစ်ဆေးရာတွင်  (၃-၁၀-၂၀၂၀) ရက်မှ (၁၄-၁၀-၂၀၂၀) ရက်နေ့ထိ  ယာဉ်မောင်းနှင့် ယာဉ်နောက် လိုက် (၂၃၃၇)ဦးတို့အား စစ်ဆေး ခဲ့ရာ (၂)ဦး၌သာ ရောဂါပိုးတွေ့ခဲ့ပြီးအခြား ယာဉ်မောင်းနှင့် ယာဉ်နောက် လိုက်များတွင် ရောဂါပိုးတွေ့ရှိမှု မရှိကြောင်း၊ ပိုးတွေ့ လူနာ(၂) ဦး၏ ကျန်းမာရေး အခြေအနေမှာလည်း ကောင်းမွန်လျက်ရှိကြောင်း သိရသည်။

ထွေးငယ် (နောင်ချို ပြန်/ဆက်)