ကျောက်ဆည်မြို့တွင် ကိုဗစ်-၁၉ ရောဂါ ကာကွယ်၊ ကုသရေးအတွက် ကျန်းမာရေးသုံး ပစ္စည်းများနှင့် အလှူငွေများလှူဒါန်း

ကျောက်ဆည် အောက်တိုဘာ ၁၅

မန္တလေးတိုင်းဒေသကြီး၊ ကျောက်ဆည်မြို့ အထွေထွေရောဂါကု ပြည်သူ့ဆေးရုံကြီးတွင် ကိုဗစ်-၁၉ ရောဂါ ကာကွယ်၊ ကုသရေး လုပ်ငန်းများအတွက် အသုံးပြုရန် စေတနာရှင်ပြည်သူ များမှ ကျန်းမာရေးသုံး ပစ္စည်းများ၊ အလှူငွေများ၊ စားသောက်ဘွယ်ရာများ လှူဒါန်းလျက်ရှိရာ ယမန်နေ့ ညနေ(၅)နာရီအချိန်က ကျန်းမာရေးသုံးပစ္စည်းများနှင့် အလှူငွေများကို အလှူရှင် များက လှူဒါန်းခဲ့ကြောင်း သိရသည်။

ထိုသို့လှူဒါန်းရာတွင် တိုင်းဒေသကြီးလွှတ်တော်ကိုယ်စားလှယ် ဦးရဲမင်းထွန်းမှ (PPE) ဝတ်စုံ (၂၀)စုံ၊ ရေအားလျှပ်စစ် အကောင်အထည်ဖော်ရေးဦးစီးဌာန၊ ဘယ်လင်းအခြေစိုက်စခန်းမှ ဝန်ထမ်းများနှင့်မိသားစုများမှ အလှူငွေ ကျပ်(၁၀)သိန်း၊ KN95 masks & Hand send sensitizer (၇၀) ဗူး၊ တံစိုးရပ်ကွက်၊ ဦးမောင်သိန်း+ဒေါ်နီတာစန်း (မိသားစု)မှ အလှူငွေ ကျပ် (၂)သိန်း၊ မင်းစုအခြေခံပညာအထက်တန်းကျောင်းမှ ကျောင်းအုပ်ကြီးနှင့်ဆရာ/ဆရာမများ၊ ဝန်ထမ်းများက အလှူငွေကျပ်(၅)သောင်းကို ပေးအပ်လှူဒါန်းရာ ကျောက်ဆည်ခရိုင် ဆေးရုံ အုပ်ကြီး ဒေါက်တာဝင်းမော်က လက်ခံရယူခဲ့ပြီး ဂုဏ်ပြုလွှာများ ပြန်လည်ပေးအပ်ခဲ့ကြောင်း သိရသည်။ အဆိုပါ အလှူငွေများကို ကိုဗစ်-၁၉ ရောဂါ ကြိုတင်ကာကွယ်ရေး လုပ်ငန်းများ တွင် စနစ်တကျ အသုံးပြုသွားမည်ဖြစ်ကြောင်း သိရသည်။

သက်မောင်(ကျောက်ဆည်)