မိုင်းပန်မြို့၌ နယ်စပ်ဒေသဖွံဖြိုးရေးလုပ်ငန်းများ ဆောင်ရွက်

မိုင်းပန်     အောက်တိုဘာ   ၁၅

ရှမ်းပြည်နယ်(တောင်ပိုင်း)၊ လင်းခေးခရိုင်၊ မိုင်းပန်မြို့နယ်တွင် နယ်စပ်ရေးရာဝန်ကြီးဌာန၊ နယ်စပ်ဒေသနှင့် တိုင်းရင်းသား လူမျိုးများ ဖွံ့ဖြိုးတိုးတက်ရေးဦးစီးဌာနအနေဖြင့် ၂ဝ၁၃-၂ဝ၁၄ ဘဏ္ဍာရေးနှစ်မှ စတင်၍ ၂ဝ၁၉-၂ဝ၂ဝ ဘဏ္ဍာရေးနှစ် အတွင်း ကြိုးပမ်းဆောင်ရွက်ခဲ့သော နယ်စပ်ဒေသ ဖွံ့ဖြိုးရေး လုပ်ငန်းများကြောင့် မိုင်းပန်မြို့နေ ဒေသခံပြည်သူများအတွက် လူမှုစီးပွားဖွံ့ဖြိုး တိုးတက်ရေးတွင် များစွာအထောက်အကူ ဖြစ်စေခဲ့ကြောင်း သိရသည်။

၂ဝ၁၃-၂ဝ၁၄ ဘဏ္ဍာရေးနှစ်မှ ၂ဝ၁၈-၂ဝ၁၉ ဘဏ္ဍာရေးနှစ်အတွင်းတွင် နယ်စပ်ဒေသ ဖွံ့ဖြိုးရေးလုပ်ငန်းများ ဖြစ်သည့် မြေသားလမ်း၊ ကျောက်လမ်း၊ ကတ္တရာလမ်း၊ ကွန်ကရစ် တံတား၊ Box Culvert တည်ဆောက်ခြင်း လုပ်ငန်းများ၊  ရေရရှိရေးလုပ်ငန်း၊ သာသနာရေး ဆိုင်ရာ ဘုန်းတော်ကြီးကျောင်း ဆောက်လုပ်ခြင်း၊ ဝန်ထမ်းအိမ်ယာ တည်ဆောက်ခြင်း၊ အိမ်သုံးဆိုလာမီး တပ်ဆင်ရေးလုပ်ငန်းများ ဆောင်ရွက်ပေးခဲ့ပြီး ရန်ပုံငွေအနေဖြင့် နယ်စပ်ရေးရာ ဝန်ကြီး ဌာန၏ ပြည်ထောင်စု ရန်ပုံငွေဖြင့် ကျပ်(၁၅ဝ၅.၄၄၂)သန်း၊ ပြည်နယ်ရန်ပုံငွေဖြင့် ကျပ် (၂၃၁၅.၇၇၂၆)သန်း သုံးစွဲခဲ့ကြောင်း သိရသည်။

(၃၆/ဝ) မိုင်အရှည်ရှိသည့် မိုင်းပန်-နောင်လေ-မိုက်ပုတ်(ပန်ပိ)-ဝမ်ဟတ်လမ်းတွင် ၂ဝ၁၉ - ၂ဝ၂ဝ ဘဏ္ဍာရေးနှစ် အတွင်း၌ မိုင်းပန်မြို့နယ် နယ်စပ်ဒေသဖွံ့ဖြိုးရေး ပြည်ထောင်စုရန်ပုံငွေနှင့် ပြည်နယ်ရန်ပုံငွေတို့ဖြင့် (၈/ဝ)မိုင် ကျောက်ဖြုန်းအမာခံ မြေသားလမ်းနှင့် Box Culvert ရေပြွန်(၈)စင်း တည်ဆောက်ခြင်း လုပ်ငန်းတို့အား စုစုပေါင်း ရန်ပုံငွေကျပ် (၄၃၂.၈၁၆) သန်းဖြင့် ဆောင်ရွက်ပြီးစီးခဲ့ကြောင်း သိရသည်။ အဆိုပါ လမ်းပိုင်းသည် (၃၆/ဝ) မိုင်သာ ရှိသော်လည်း လမ်းခရီး ကြမ်းတမ်း သောကြောင့် ယခင်က ညအိပ်ခရီးပင် သွားလာခဲ့ရသောကြောင့် အဆိုပါ လမ်းပေါ်ရှိ ကျေးရွာများမှ ဒေသခံ ပြည်သူများ အပြင်  တာဝန်သွားရောက် ထမ်းဆောင်ရသည့် ပညာရေးဝန်ထမ်းနှင့် ကျန်းမာရေး ဝန်ထမ်းများအတွက် ခရီးသွားလာရေး တွင် များစွာအခက်အခဲ ဖြစ်စေခဲ့သောကြောင့် (၂ဝ၁၃-၂ဝ၁၄) ဘဏ္ဍာရေးနှစ်မှစ၍ (၂ဝ၁၉-၂ဝ၂ဝ) ဘဏ္ဍာရေးနှစ်အထိ စုစုပေါင်း (၂၇/ဝ) အထိ ကျောက်လမ်းခင်းခြင်းဆောင်ရွက်ခဲ့သောကြောင့် ယခုအခါ အချိန် (၃) နာရီကျော်ဖြင့် သွားလာနိုင်ပြီး လမ်းပန်းဆက်သွယ်ရေးများ ဖွံ့ဖြိုးတိုးတက် လျှင်မြန်လာကာ ဒေသခံ ပြည်သူများအတွက် များစွာအကျိုးဖြစ်ထွန်း‌ စေခဲ့ကြောင်းသိရသည်။ ဆက်လက်၍ ဆောက်လုပ်ရန် ကျန်ရှိနေသော (၉/ဝ)မိုင်အား ကျောက်ဖြုန်းအမာခံ မြေသားလမ်း အဖြစ် ၂ဝ၂ဝ-၂ဝ၂၁ ဘဏ္ဍာရေးနှစ် အတွင်းတွင် အပြီးသတ် ဆောင်ရွက် သွားနိုင်ရေး လျာထားပြီးဖြစ်ကြောင်းလည်း သိရသည်။

ထို့အပြင် သာသနာရေးလုပ်ငန်းများတွင် ထောက်ပံ့လှူဒါန်းခြင်းအဖြစ် မိုက်ပုတ်(ပန်ပိ) ဘုန်းတော်ကြီးကျောင်း ဆောက်လုပ် ရေးအတွက် ကျပ်(၅ဝ.ဝဝ)သန်းနှင့် နောင်လုံ ဘုန်းကြီးကျောင်း တည်ဆောက်ရေးအတွက် ထောက်ပံ့လှူဒါန်းငွေ ကျပ်(၁ဝ.ဝဝ)သန်း စုစုပေါင်း ကျပ်(၆ဝ.ဝဝ)သန်းအား ၂ဝ၁၉-၂ဝ၂ဝ ဘဏ္ဍာရေးနှစ် အတွင်းတွင် နယ်စပ်ဒေသ ဖွံ့ဖြိုးရေး ရန်ပုံငွေမှ ထောက်ပံ့လှူဒါန်းခဲ့ကြောင်း မြို့နယ်ဖွံ့ဖြိုးမှု ကြီးကြပ်ရေးရုံးမှ သတင်းရရှိ သည်။

မိုင်းပန်(ပြန်/ဆက်)